
ကိုလံဘီယာ နိုင်ငံခြားရေးဝန်ကြီး လော်ရာ ဆာရာဘီယာဟာ ပတ်စ်ပို့စာအုပ် ရိုက်နှိပ်ခြင်းနဲ့ဆိုင်တဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေအပေါ် အစိုးရအဖွဲ့အတွင်း အငြင်းပွားမှုတွေ ရှိနေတဲ့အကြား ဇူလိုင် ၃ ရက်မှာ ရာထူးကနေ နုတ်ထွက်သွားပါတယ်။
ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရိုရဲ့ အနီးကပ်ဆုံး အရာရှိတယောက်ဖြစ်တဲ့ အသက် ၃၁ နှစ်ရှိ နိုင်ငံရေးသိပ္ပံပညာရှင် ဆာရာဘီယာဟာ ၂၀၂၂ ခုနှစ်မှာ အာဏာရလာခဲ့တဲ့ ပက်ထရိုရဲ့ မဲဆွယ်စည်းရုံးရေး ကာလကတည်းက လက်တွဲလုပ်ဆောင်လာခဲ့တာဖြစ်ပြီး ဇန်နဝါရီ လကုန်လောက်ကတည်းက နိုင်ငံခြားရေးဝန်ကြီးဌာနကို ဦးဆောင်ခဲ့ပါတယ်။
ရာထူးကနုတ်ထွက်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံကူးလက်မှတ်စာအုပ် ရိုက်နှိပ်ခြင်းအတွက် သောမတ်စ် ဂရက်ဂ်နဲ့ သားများ ကုမ္ပဏီနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆိုပြုခဲ့ပြီး အဆင်သင့်ဖြစ်ပြီ လို့ ကြေညာခဲ့ပေမဲ့ သမ္မတ ပက်ထရိုက ဒီလုပ်ငန်းစဉ်မှာ လိမ်လည်မှုရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခဲ့တာပါ။
သမ္မတ ပက်ထရိုက ဒီကိစ္စကိုကိုင်တွယ်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြင်ပက အရာရှိတယောက်ကို တာဝန်ပေးလိုက်ပြီးတော့ အဲဒီပုဂ္ဂိုလ်က ပေါ်တူဂီက ပုံနှိပ်စက်ကုမ္ပဏီတခုနဲ့ သဘောတူညီချက်တခု လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Source: Reuters