Home
မြန်မာသတင်း
ဝေါလေမြိုင်၌ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား ၃ ဦးဒဏ်ရာရ၊ ဒေသခံရာချီ ထိုင်းဘက် စစ်ဘေးရှောင်
DVB
·
July 4, 2025

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ဝေါလေမြိုင်မြို့သစ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သား ၃  ယောက် ဒဏ်ရာရရှိကာ ဒေသခံ ၂၀၀ ကျော် ​ထိုင်းနိုင်ငံဝေါလေရွာကြီးဘက် ထွက်ပြေးတိမ်ရှောင်နေကြတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

ဝေါလေမြိုင်မြို့သစ်၊ ဝေါလေစစ်ကောင်စီ ဗျူဟာစစ်စခန်းကုန်းကို ဇူလိုင် ၄ ရက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက်မှုရှိနေတဲ့ အတွက်  စစ်ကောင်စီတပ်က လက်နက်းကြီးပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။ =

ဒီမနက် ၁၀ နာရီခွဲလောက်မှာ  ဝေါလေ ဗျူဟာကနေ လက်နက်ကြီးပစ်ထည့်တာ ရပ်ကွက်က ၃ ယောက် ဒဏ်ရာရထားတယ်လို့  ဒေသခံတယောက်က ပြောပါတယ်။

“လက်နက်ကြီးထိလို့ ဖုဖရ ဆေးရုံပို့ထားတယ်။ ထိုင်းဘက်က ဝေါလေရွာကြီးဘက်က ဘုန်းကြီး ကျောင်းကို ထိုင်းစစ်ကားတွေ လာကြိုပေးနေတယ်။ ရပ်ကွက်သားတွေ ၃၀၀၊ ၄၀၀ လောက်တော့ ရှိမယ်။ တိုက်ပွဲ စဖြစ်တာတော့ ၅ လပိုင်းလောက် ကတည်းကပဲ။ ဝေါလေဗျူဟာကုန်းကတော့ နေ့တိုင်းဆိုသလို လက်နတ်ကြီးနဲ့ ပစ်နေတာ။ ဒီကနေ့ပစ်တာကတော့ ဝေါလေမြိုင်မြို့သစ်ကိုကျ တာများတယ်။”

ဝေါလေမြိုင်မြို့သစ်နေရာရှိ စစ်ကောင်စီတပ်ရဲ့ ဝေါလေစစ်ဗျူဟာ၊ ဥကရိစ်ထစစ်စခန်း၊ ထီးသဲဘလယ်စခန်းတို့ကို ဇူလိုင် ၃ ရက်ကစပြီး KNLA မဟာမိတ်ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေလို့တိုက်ပွဲ ပြင်းထန်နေပါတယ်။

မြန်မာဘက်မှာ တိုက်ပွဲတွေပြင်းထန်းနေလို့ ထိုင်းနိုင်ငံနယ်ခြားစစ်တပ်က စစ်ရေး အသင့်အနေအထားနဲ့ စောင့်ကြပ်နေသလို၊ ထွက်ပြေးလာတဲ့ ဝေါလေဒေသခံတွေကို စစ်ဘေးရှောင်ယာယီ နေရာထိုင်ခင်းတွေ စီစဉ်နေရာချထားပေးနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024