
ရုရှားသမ္မတ ပူတင်နဲ့ ဖုန်းပြောခဲ့အပြီး ရုရှား-ယူကရိန်း စစ်ပွဲကို ရပ်တန့်နိုင်မယ့်ပုံ မပေါ်တာကြောင့် စိတ်ပျက်မိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
အမေရိကန်က ရုရှား-ယူကရိန်း စစ်ပွဲကို သံတမန်နည်းလမ်းနဲ့ အဆုံးသတ်ဖို့ ကြိုးစားခဲ့ပြီး ပူတင်ကို ဖိအားပေးဖို့ကိုလည်း တချို့ ရီပတ်ဘလစ်ကန်တွေကို အသုံးပြုခဲ့ပါတယ်။
ထရမ့်ပ်ဟာ ပူတင်နဲ့ ကြာသပတေးနေ့က ဖုန်းပြောခဲ့အပြီး ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ သောကြာနေ့မှာ ဆွေးနွေးဖို့ အစီအစဉ် ရှိတယ်လို့လည်း သတင်းထောက်တွေကို ပြောပါတယ်။
“ဒီနေ့ သမ္မတ ပူတင်နဲ့ စကားပြောခဲ့ပါတယ်။ သူဟာ စစ်ပွဲကို ရပ်တန့်မယ့်ပုံ မပေါ်ဘူးလို့ပဲ ကျနော် ပြောနိုင်ပါတယ်။ ဒါဟာ ဆိုးရွားပြီး ဒီအတွက် စိတ်ပျက်မိပါတယ်” လို့ ထရမ့်ပ်က ပြောပါတယ်။
ထရမ့်ပ်နဲ့ ပူတင်တို့ဟာ ယူကရိန်းကို အမေရိကန်က လက်နက်ပေးပို့မှုတချို့ ရပ်ဆိုင်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးတာမျိုးတော့ မရှိဘူးလို့ ပူတင်ရဲ့ လက်ထောက်က ဆိုပါတယ်။
ထရမ့်ပ်နဲ့ ပူတင်တို့ ဖုန်းခေါ်ဆိုမှုအပြီး နာရီပိုင်းအတွင်းမှာပဲ ရုရှားက ယူကရိန်းကို ဒရုန်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ရုရှားရဲ့ ညလုံးပေါက် တိုက်ခိုက်မှုကြောင့် လူ ၂၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပြီး ရထားဘူတာရုံတွေ၊ အဆောက်အအုံတွေနဲ့ ကားတွေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။
ရုရှားရဲ့ ညလုံးပေါက်စစ်ဆင်ရေးဟာ ၈ နာရီကျော် ကြာမြင့်ခဲ့ပြီး ထိုးစစ်တွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကာ ဒရုန်းပေါင်း ၅၃၉ စင်း၊ ဒုံးကျည် ၁၁ စင်းတို့ အသုံးပြုခဲ့တယ်လို့ ယူကရိန်းလေတပ်က ထုတ်ပြန်ပါတယ်။
ဒိန်းမတ်နိုင်ငံကို ရောက်နေတဲ့ ဇလန်းစကီးက ထရမ့်ပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ မျှော်လင့်တယ်လို့ လက်နက်ပေးပို့မှုအချို့ ရပ်ဆိုင်းချိန်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
ထရမ့်ပ်ကတော့ ယူကရိန်းကို လက်နက်ပံ့ပိုးမှုအားလုံး ရပ်တန့်မှာမဟုတ်ကြောင်း ပြောဆိုခဲ့ပြီး လက်နက်ပံ့ပိုးမှုတွေဟာ အမေရိကန်ရဲ့ ကာကွယ်ရေးအင်အားကို အားနည်းစေတယ်လို့ သမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို အပြစ်တင်ခဲ့ပါတယ်။
“ကျနော်တို့ လက်နက်တွေ ပေးနေတယ်။ ဒါပေမဲ့ ကျနော့်လက်နက်တွေ အမြောက်အမြား ပေးခဲ့တယ်။ သူတို့နဲ့ အတူလုပ်ဆောင်ပြီး ကူညီဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ကျနော်တို့ စစ်ပွဲကို အပြီးမသတ်နိုင်ပါဘူး။ ခင်ဗျားတို့ သိတဲ့အတိုင်း ဘိုင်ဒင်က တိုင်းပြည်မှာရှိတဲ့ လက်နက်တွေအားလုံး ပေးခဲ့တာပါ။ ကျနော်တို့အတွက် ကာကွယ်မှုတွေလုပ်ဖို့ လုံလောက်လားဆိုတာ သေချာအောင် ကျနော်တို့ လုပ်ဆောင်ရပါမယ်” လို့ ထရမ့်ပ်က သတင်းထောက်တွေကို ပြောပါတယ်။
ထရမ့်ပ်နဲ့ ပူတင်တို့ ဖုန်းပြောခဲ့ပေမဲ့ အပြင်မှာ လူချင်းတွေ့ဆုံမယ့်အကြောင်းတော့ မပြောဖြစ်ခဲ့ကြဘူးလို့ ပူတင်ရဲ့ လက်ထောက်က ပြောပါတယ်။
Source: Reuters