
ပြည်တွင်း နိုင်ငံခြားငွေဈေးကွက်ထဲကို ဒေါ်လာ သန်းချီ ထုတ်ရောင်းပြီး ဒေါ်လာဈေးထိန်းဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီ ဗဟိုဘဏ်က အခု ဇူလိုင်လအစောပိုင်းမှာ အမေရိကန်ဒေါ်လာ ၃၃ သန်း ထုတ်ရောင်းမယ်လို့ ဇူလိုင် ၁ ရက်က ကြေညာပါတယ်။
ဒါ့အပြင် ဇူလိုင် ၂ ရက်ကလည်း တရုတ်ယွမ် ၁၀ သန်း ထုတ်ရောင်းချပေးမယ်လို့ ကြေညာချက် ထုတ်ခဲ့ပါသေးတယ်။
ဒီနိုင်ငံခြားငွေတွေကို စက်သုံးဆီနဲ့ သွင်းကုန်လုပ်ငန်းတွေအတွက် ဦးတည်ရောင်းချပေးမယ်လို့ ဗဟိုဘဏ်က ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာလည်း ဗဟိုဘဏ်ဟာ စက်သုံးဆီနဲ့ သွင်းကုန်လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော်အထိကို ၅ ကြိမ်ခွဲပြီး ရောင်းချခဲ့တာ တွေ့ရပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပို့ကုန်လုပ်ငန်းတွေဆီကနေ ရရှိတဲ့ နိုင်ငံခြားငွေတွေကို online trading ပလက်ဖောင်းက တဆင့် စားသုံးဆီနဲ့ စက်သုံးဆီအပါအဝင် သွင်းကုန် လုပ်ငန်းတွေဆီကို တစ်ဒေါ်လာ ၃၅၀၀ ကျပ် ဝန်းကျင်နဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။ ပြင်ပဈေးကွက်မှာတော့ အမေရိကန် တဒေါ်လာကို ၄၄၁၀-၄၄၉၀ ကျပ် ဝန်းကျင် ရှိနေပါတယ်။
၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လမှာ တဒေါ်လာကို ကျပ် ၇ဝဝဝ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ဗဟိုဘဏ်ဟာ သန်းချီတဲ့ နိုင်ငံခြားငွေတွေကို ဆက်တိုက်ထုတ်ရောင်းလာတာကြောင့် တဒေါ်လာ ကို ၄၄ဝဝ ကျပ် ဝန်းကျင်အထိ တဖြည်းဖြည်း ပြန်ကျလာခဲ့ပါတယ်။ ဒါပေမဲ့ မေလနှောင်းပိုင်းကစပြီး ဒေါ်လာဈေးက ပြန်လည်တက်ရိပ်ပြလာတာ ဖြစ်ပါတယ်။