အမေရိကန် ၁ ဒေါ်လာကို ကျပ် ၅,၀၀၀ နီးပါးအထိ ရောက်လာ

မြန်မာပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ မြန်မာကျပ်ငွေတန်ဖိုးကျပြီး အမေရိကန်ဒေါ်လာတန်ဖိုး ဆက်တိုက်ဆိုသလို မြင့်တက်နေကာ နိုဝင်ဘာ ၁၇ ရက်မှာတော့ ပြင်ပဈေးကွက် ရောင်းဈေးဟာ တဒေါ်လာကို ကျပ် ၅,၀၀၀ နီးပါးအထိ ရောက်ရှိလာပါတယ်။
လက်ရှိ မြေပြင်ဈေးကွက် အခြေအနေအရ မနေ့ညနေကအထိ အမေရိကန်တဒေါ်လာကို ဝယ်ဈေး ကျပ် ၄,၉၀၀ အထက်နဲ့ ရောင်းဈေးက ကျပ် ၄,၉၆၀ အထိ အရောင်းအဝယ် ဖြစ်နေတာပါ။
ဒီလို နိုင်ငံခြားငွေလဲလှယ်နှုန်း ကျပ် ၅,၀၀၀ နီးပါးအထိ ရောက်ရှိလာတာကြောင့် ပြည်ပကနေ အဓိက တင်သွင်းနေရတဲ့ စက်သုံးဆီ၊ ဆေးဝါး၊ စိုက်ပျိုးရေးသွင်းအားစုနဲ့ အခြေခံကုန်ကြမ်းတွေရဲ့ တင်သွင်းစရိတ်တွေ မြင့်တက်လာနိုင်ပြီး၊ ပြည်တွင်းစီးပွားရေးအပေါ် ရိုက်ခတ်မှု ပိုကြီးမားလာနိုင်ပါတယ်။
ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ ကုန်ဈေးနှုန်း မတည်ငြိမ်မှုနဲ့ ရှေ့ဆက်လုပ်ငန်းလည်ပတ်ဖို့ စိုးရိမ်မှုတွေ ရှိလာသလို၊ အခြေခံပြည်သူတွေ အနေနဲ့လည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ပိုမို ခံစားလာရနိုင်ခြေ ရှိနေပါတယ်။
အခုလို ငွေကြေးဖောင်းပွလာမှုနဲ့ ကျပ်ငွေတန်ဖိုးအပေါ် ဖိအားဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ အစိုးရရဲ့ အသုံးစရိတ်တွေ စံချိန်တင် မြင့်တက်လာတာကလည်း အဓိက အချက်တချက် ဖြစ်တယ်လို့ စီးပွားရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။











