DVB Logo
Home
မြန်မာသတင်း
ဘန်ကောက် လဝကအချုပ်၌ ထိန်းသိမ်းခံထားရသည့် မြန်မာများ လူ့အခွင့်အရေးချိုးဖောက်ခံရ
DVB
·
July 3, 2025
ဘန်ကောက် လဝကအချုပ်၌ ထိန်းသိမ်းခံထားရသည့် မြန်မာများ လူ့အခွင့်အရေးချိုးဖောက်ခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း (IDC)မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေအပေါ် အချုပ်ခန်း ခေါင်းဆောင်တွေက ကိုယ်ထိလက်ရောက် အနိုင်ကျင့်တာတွေ ရှိနေပြီး ထိုင်းအာဏာပိုင်တွေက အရေးမယူဘဲ လျစ်လျူရှုထားတယ်လို့ အချုပ်ကျခံနေသူတွေဆီက သိရပါတယ်။

ဧပြီလအတွင်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဘန်ကောက်ကို လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ဆန္ဒပြဖို့ စီစဉ်ခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ယောက်၊ ကိုဖြိုးပိုင်နဲ့ ကိုနိုင်နိုင်စိုးတို့ ဖမ်းဆီးခံခဲ့ရပါတယ်။

လက်ရှိအချိန်ထိ ဘန်ကောက်မြို့က IDC အချုပ်ခန်းမှာ ထိန်းသိမ်းခံထားရပြီး သူတို့ကိုယ်တိုင်လည်း အချုပ်ခန်းမှာ စိတ်မလုံခြုံမှုတွေနဲ့ နေနေရတယ်လို့ ကိုဖြိုးပိုင်က DVB ကို ပြောပါတယ်။

“ကျနော်တို့ကို Immigration Detention Centre အခန်း ၁၃ မှာ စရောက်တဲ့ နေ့ကတည်းက နေရာချထားပေးတယ်။ အခန်းဝဏ္ဏ (အချုပ်ခန်းခေါင်းဆောင်) က တနေကုန် အရက်သောက်တယ်။ ညအချိန်မတော် ည ၁၂ နာရီလောက်ဆို အခန်းပေါ် ပြန်တက်လာတယ်။ အခန်းပေါ်ရောက်ပြီဆိုရင် မူးပြီး သောင်းကြမ်းတယ်။ မြန်မာနိုင်ငံသားတွေကို အကြောင်းမဲ့ အပြစ်မရှိ အပြစ်ရှာပြီး မတရား ကိုယ်ထိလက်ရောက် ရိုက်နှက်တယ်။”

“တခါက ကျနော်တို့ရှေ့မှာ မြန်မာနိုင်ငံသားတယောက် ဗိုက်ခွဲထားတယ်၊ ဗိုက်နာလို့ ပြောတာကို အဲ့ အချုပ်ခန်းခေါင်းဆောင်က အာဏာပိုင်တွေကို အကြောင်းမကြားပေးဘဲ ဗိုက်နာနေတဲ့ မြန်မာနိုင်ငံသား ဗိုက်ပေါ်တက်နင်းလို့ ဆေးရုံတင်လိုက်ရတယ်။ ဒါကို အာဏာပိုင်တွေ သိသိကြီးနဲ့ ကျူးလွန်သူကို အရေးမယူဘဲ ထားတယ်။ ကျနော်တို့ ပြဿနာမဖြစ်ချင်လို့ အခန်းပြောင်းပေးဖို့ အာဏာပိုင်တွေဆီ အမြဲတောင်းဆိုတယ်။ မပြောင်းပေးဘူး၊ ဘာပြဿနာရှိလဲ အမြဲမေးတယ်။ ကျနော်တို့ ပြောပြလို့ မဖြစ်ဘူး။ ကျနော်တို့အတွက် အန္တရာယ်ပြုလာနိုင်တဲ့အတွက် သည်းခံပြီး နေထိုင်လာတာဖြစ်တယ်။”

အဲဒီအချုပ်ခန်းမှာ ညဘက် ကောင်းကောင်းအိပ်မရကြောင်း၊ အချုပ်ခန်းခေါင်းဆောင်က အရက်မူးလာတဲ့အခါ အချုပ်ကျနေတဲ့ မြန်မာနိုင်ငံသားကို အပြစ်မရှိ ရိုက်နှက်တာကို ကာကွယ်ပေးတာကြောင့် ကိုဖြိုးပိုင်နဲ့ ကိုနိုင်နိုင်စိုးတို့ကို အခြားအခန်းတခုကို ပြောင်းရွှေ့ခဲ့ကြောင်း၊ ကိုဖြိုးပိုင်နဲ့ ကိုနိုင်နိုင်စိုးတို့က UN အကာကွယ်ရနိုင်တဲ့ နေရာကို ပြောင်းရွှေ့ပေးဖို့ တောင်းဆိုကြောင်း ပြောပါတယ်။

လက်ရှိအချိန်ထိ ကိုဖြိုးပိုင်နဲ့ ကိုနိုင်နိုင်စိုးတို့ ၂ ယောက် ရှေ့နေနဲ့ အဆက်အသွယ်ရပြီး အမှုကိုလည်း ဆက်လက်ရင်ဆိုင်နေရဆဲလို့ သိရပါတယ်။ လက်ရှိမှာတော့ သူတို့ ၂ ယောက်ကို Bangkhen IDC မှာ ပြောင်းရွှေ့ ထိန်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။

ကိုဖြိုးပိုင်က “အခန်း ၁၃ က အချုပ်ခန်းခေါင်းဆောင်ကို အာဏာပိုင်တွေ လုံးဝ အရေးမယူဘဲထားတယ်။ တရားမျှတမှု လုံးဝမရှိပါ။ မြန်မာနိုင်ငံသားတွေအပေါ် အမြဲအနိုင်ကျင့် ကိုယ်ထိလက်ရောက် ကျူးလွန်နေတာကို ထိုင်းအာဏာပိုင်တွေအနေနဲ့ အရေးမယူဘဲ ထားတယ်။ ကျနော်တို့ အသက်အန္တရာယ်အတွက် လုံးဝ လုံခြုံမှုမရှိပါ။ ဒီကိစ္စတွေကို ကျနော် အပြင်ရောက်မှ ပြောမလို့ဘဲ၊ ကျနော်တို့ ထုတ်ဖော်ပြောရင် အသက်အန္တရာယ် ရှိတယ်။ အသက်အန္တရာယ်ရှိလည်း မတတ်နိုင်ဘူး။ ကျနော်တို့နိုင်ငံသားတွေအပေါ် ထိုင်းအာဏာပိုင် လူ့အခွင့်အရေး ချိုးဖောက်နေတာတွေ အများကြီးရှိသေးတယ်” လို့ ပြောပါတယ်။

ထိုင်းလဝက ထိန်းသိမ်းရေးစခန်းဟာ ထိုင်းလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ဖြစ်ပြီး နိုင်ငံခြားသားတချို့ ပြစ်ဒဏ်ကျခံပြီးနောက် ပြည်နှင်ဒဏ် ပေးတယ်လို့လည်း ဆိုပါတယ်။

ဖမ်းမိထားတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း မြန်မာစစ်တပ်ထံ ထိုင်းအာဏာပိုင်တွေက နယ်စပ်ကတဆင့် ပို့ဆောင်နေတယ်လို့ ပြစ်ဒဏ်ကျခံနေသူတွေက ပြောပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013