DVB Logo
Home
နိုင်ငံတကာ
ထိုင်းစစ်တပ်နှင့် မူးယစ်မှောင်ခိုအဖွဲ့ ပစ်ခတ်မှုဖြစ်ပြီး ၂ ဦးသေဆုံး 
DVB
·
July 3, 2025
ထိုင်းစစ်တပ်နှင့် မူးယစ်မှောင်ခိုအဖွဲ့ ပစ်ခတ်မှုဖြစ်ပြီး ၂ ဦးသေဆုံး 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဖလုံမြို့နယ်ထဲမှာ ဇူလိုင် ၂ ရက် မနက်ပိုင်းက ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်တဲ့အဖွဲ့တို့  ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်းဆေးသယ်တဲ့အဖွဲ့က ၂  ယောက် သေဆုံးကာ စိတ်ကြွဆေးပြား ၇ သန်းကျော်နဲ့  အိုက်စ်မူးယစ်ဆေး အလေးချိန် ၅၈ ကီလိုဂရမ် သိမ်းဆည်းရမိတယ်လို့  ထိုင်းစစ်တပ်  ထပ်ကျောက်တာ့ခ်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။ 

နယ်မြေထဲကို မူးယစ်ဆေးဝါးတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားချက်အရ  ထိုင်းစစ်တပ် ထပ်ကျောက်တာ့ခ်စစ်ကြောင်းနဲ့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၂ ရက် မနက်စောစောက ချင်းရိုင်းခရိုင် မယ်ဖလုံမြို့နယ် မယ်ဖလုံအုပ်စုထဲမှာ လုံခြုံရေးကင်းလှည့်နေ ချိန် မနက် ၇ နာရီ ၁၇ မိနစ်လောက်မှာ ပါဆန်းနားငင်းကျေးအနီးရှိ တောအုပ်ထဲကို လူတစု ဝင်ရောက်လာတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 

အဆိုပါလူတွေဟာ ၂၅ မှ ၃၀ ယောက်ခန့်ရှိပြီး အိတ်တွေကိုယ်စီ ကျောပိုးထားကြကာ တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်ရာမှာ ရပ်မပေးတဲ့အပြင် သေနတ်နဲ့ စပြီး ပစ်ခတ်တာကြောင့် တာဝန်ရှိသူဘက်က ပြန်လည်ပစ်ခတ်ပြီး နှစ်ဖက်အပြန်အလှန် ၁၀ မိနစ်ခန့်ကြာ ပစ်ခတ်ကြတယ်လို့ဆိုပါတယ်။ 

ပစ်ခတ်သံတွေ ငြိမ်သွားတော့ တာဝန်ရှိသူတွေက နယ်မြေသွားရောက်ရှင်းလင်းတာမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အလောင်း ၂ လောင်း၊  ပြန့်ကြဲနေတဲ့ မြွေရေခွံအိတ် ၃၂ လုံး ၊ လက်ပစ်ဗုံး ၁ လုံး ၊ A-K 47 ပြောင်းရှည်သေနတ် ၁ လက်၊ ကျည်ခွံတွေနဲ့ စကားပြောစက် ၁ လုံး ၊ ဖုန်း ၁ လုံး သိမ်းဆည်းရမိတယ်။ 

အိတ် ၃၂ လုံးထဲမှာတော့ ၈၈၈,၉၉၉ အမှတ်တံဆိပ်ပါ စိတ်ကြွဆေးပြား စုစုပေါင်း ၇,၇၉၀,၀၀၀ နဲ့ အိုက်စ်ဆေး အလေးချိန် ၅၈ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိတယ်။

ဒါ့အပြင် မနီးမဝေးမှာ ရပ်ထားတဲ့ တိုယိုတာဟိုင်းလပ်စ်ကား တစီးကိုလည်း တွေ့ရတယ်၊ အဆိုပါကားဟာ တောထဲကနေ သယ်လာတဲ့ မူးယစ်ဆေးတွေကို တဆင့်ပြန်လည်သယ်ယူဖို့ လာရောက်စောင့်ဆိုင်းတယ်လို့ ယူဆရပြီး ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ 

သေဆုံးသူ ၂ ယောက်ကိုတော့ လူနာတင်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ထားပြီး သိမ်းဆည်းရမိတဲ့ ပစ္စည်းအားလုံးကို မယ်ဖလုံနယ်မြေရဲစခန်းကို အပ်လိုက်တယ်လို့  စစ်ကြောင်းတာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

Source :  Amarin TV / ထပ်ကျောက်တာ့ခ် စစ်ကြောင်း 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013