အီရန်စစ်ပွဲမှာ ပါဝင်နေပြီး ပင်လယ်ပြင်မှာ ရက်ပေါင်း ၂၄၀ ကျော် တဆက်တည်း တာဝန်ထမ်းဆောင်နေရတဲ့ USS Lincoln လေယာဉ်တင်သင်္ဘောပေါ်က သင်္ဘောသားတွေရဲ့ စိတ်ကျန်းမာရေးကို ဦးစားပေးထားတယ်လို့ အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ကူးပါးက ပြောပါတယ်။
ကူးပါးဟာ ဩဂုတ် ၁၅ ရက်က သင်္ဘောကို သွားရောက်ကြည့်ရှုခဲ့ပြီး စိတ်ကျန်းမာရေးဆိုင်ရာ ဖြစ်ရပ်အရေအတွက်ဟာ အမေရိကန်ရဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်တင်သင်္ဘော ၁၁ စင်းထဲမှာ အနည်းဆုံးအဆင့်ထဲ ပါတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ပင်လယ်ပြင်မှာ အချိန်ကြာကြာ တာဝန်ထမ်းဆောင်ရတာဟာ “ထူးထူးခြားခြား ခက်ခဲကြမ်းတမ်းတယ်” လို့လည်း သူက ဝန်ခံပါတယ်။
ဇန်နဝါရီလကတည်းက အရှေ့အလယ်ပိုင်းကို ရောက်ရှိနေတဲ့ အဲဒီသင်္ဘောဟာ အီရန်ဆိပ်ကမ်းတွေ ပိတ်ဆို့တာ အပါအဝင် အမေရိကန်ရဲ့ အီရန်စစ်ဆင်ရေးကို ပံ့ပိုးပေးနေတာပါ။
လူ ၅,၀၀၀ လောက်ရှိတဲ့ သင်္ဘောပေါ်မှာ သန့်ရှင်းရေးအခြေအနေ မကောင်းတာ၊ ရေပိုက်တွေ ပျက်တာ၊ လတ်ဆတ်တဲ့အစားအစာ ပြတ်လပ်တာနဲ့ ဆိပ်ကမ်းဝင်ခွင့် နည်းတာတွေ ရှိတယ်လို့ အမေရိကန် သတင်းဌာနတွေက ဖော်ပြပါတယ်။
သင်္ဘောသားမိသားစုဝင်တချို့က တာဝန်ထမ်းဆောင်ချိန် ကြာမြင့်လာတာကြောင့် စိတ်ကျန်းမာရေး ပိုဆိုးလာမှာကို စိုးရိမ်နေကြပြီး သင်္ဘောပေါ်ကနေ ခုန်ချဖို့ ကြိုးစားခဲ့သူတချို့ ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
အမေရိကန်ရေတပ်က ထောက်ပံ့ရေးအခက်အခဲတချို့ ရှိတာကို လက်ခံပေမဲ့ သင်္ဘောပေါ်မှာ စိတ်ကျန်းမာရေး အကျပ်အတည်း ဖြစ်နေတယ် ဆိုတာကိုတော့ ငြင်းဆိုထားပါတယ်။
အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့ရေးရာ ကော်မတီဝင် ဒီမိုကရက်အမတ် ၁၃ ယောက်က တာဝန်ချထားချိန် အလွန်ကြာမြင့်နေတာကို ဝေဖန်ပြီး ကာကွယ်ရေးဝန်ကြီး ပိထ် ဟဂ်ဆီသ် ဆီက ရှင်းလင်းချက် တောင်းခံထားပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ သင်္ဘောသားတွေ ပင်လယ်ပြင်မှာ အချိန်ကြာလွန်းနေပြီဆိုတဲ့ ပြောဆိုချက်တွေကို ပယ်ချခဲ့ပြီး “အချိန်ကြာတယ်လို့တောင် မဆိုနိုင်ပါဘူး” လို့ ဩဂုတ် ၁၄ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
မေလမှာ ပြီးဆုံးဖို့ စီစဉ်ထားတဲ့ USS Lincoln ရဲ့ တာဝန်ချထားမှုကို အကြိမ်ကြိမ် သက်တမ်းတိုးခဲ့တာဖြစ်ပြီး အခုတော့ အစားဝင်ဖို့ USS George Washington လေယာဉ်တင်သင်္ဘောက အရှေ့အလယ်ပိုင်းကို ဦးတည်လာနေပြီ ဖြစ်ပါတယ်။











