မကွေးတိုင်း၊ မြိုင်မြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ကျေးရွာတရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၂ ရက် ညနေ ၄ နာရီကျော်လောက်မှာ လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ ပြည်သူတယောက် သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိသလို လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
We Love Myaing အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “မြိုင်မြောက်ပိုင်းက ဗဟင်းရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ အမျိုးသားတယောက် သေဆုံးသွားပါတယ်။ အသက်အရွယ်ပိုင်းကတော့ ၂၅၊ ၃၀ လောက်ပဲ ရှိဦးမယ်။ ဒဏ်ရာရတဲ့ ၃ ယောက်ကလည်း အမျိုးသားတွေပါပဲ။ အဲဒီထဲက တယောက်က လက်တဖက်ပြတ်သွားလို့ စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။ အိမ်တွေလည်း ၂ လုံး ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာဟာ ဗဟင်းကျေးရွာ ဆေးပေးခန်းရဲ့ တောင်ဘက်ခြမ်းဖြစ်ပြီး ဆေးပေးခန်းကတော့ ထိခိုက်ပျက်စီးသွားတာ မရှိဘူးလို့လည်း ဆိုပါတယ်။
မြိုင်အခြေစိုက် လက်နက်ကြီးတပ်ဖွဲ့ တာဝန်ခံ ကိုတောက်ပိန်က “စစ်ကြောင်းက ကမ္မနယ်ထဲမှာ ဝင်နေတာတော့ ၁ လလောက်ရှိနေပြီ။ ဒီဘက် မြိုင်နယ်ထဲမှာတော့ စစ်ကြောင်းထိုးနေတာလည်း မရှိသလို တိုက်ပွဲတွေလည်း ငြိမ်နေတယ်။ အခု ပေါင် ၅၀၀ ဗုံးချပြီး လေကြောင်းတိုက်ခိုက်သွားတဲ့နေရာက ဗဟင်းဆေးခန်းနားဆိုတော့ ဆေးခန်းကို ပစ်မှတ်ထားတာ ဖြစ်နိုင်တယ်ဗျ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ်ထဲကို မကြာခဏ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေလို့ ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်း တူးတာတွေအပြင် လေကြောင်းရန်ကာကွယ်ရေး သတိပေးတာတွေကို အထူးလိုက်နာကြဖို့ လိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၂၀ ရက် ညနေပိုင်းကလည်း ဗဟင်းကျေးရွာက ထမင်းဆိုင်ပေါ်ကို ပေါင် ၃၀၀ ဗုံးတလုံး ကြဲချခဲ့လို့ ထမင်းဆိုင်ရှင် သားအမိ ၂ ယောက်နဲ့ ခရီးသွားရင်း ထမင်းဝင်စားနေကြတဲ့ PDF တပ်ဖွဲ့ဝင် ၄ ယောက်တို့ နေရာမှာတင် သေဆုံးခဲ့ရပါသေးတယ်။