
ဧရာဝတီတိုင်း၊ ကြံခင်းမြို့မှာ လူတယောက်ကျပ် ၃၅ သိန်းယူပြီး တရားမဝင် ပြည်ပကို ပို့ဆောင်ပေးနေတဲ့ အမျိုးသားတယောက်ကို ပြည်ပပို့မယ့် လူငယ် ၁၄ ယောက်နဲ့အတူ စစ်ကောင်စီရဲနဲ့ တပ်က ဖမ်းဆီးခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတွေက ဇွန် ၃၀ ရက်ည ၈ နာရီခွဲမှာ ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက် ကြံခင်း-မြန်အောင် ကားလမ်းဆုံမှာ ကြံခင်းကနေ မြန်အောင်ဘက်ကို မောင်းနှင်လာတဲ့ ဧရာသစ္စာ ခရီးသည်တင်ယာဉ်ပေါ်မှာ ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူက ပြောပါတယ်။
“'တပ်နဲ့ ရဲက ယာဉ်တွေကို ပိတ်ဆို့စစ်ဆေးနေစဉ် ဧရာသစ္စာ ခရီးသည်တင်ယာဉ်ပေါ်မှာ ဖမ်းမိတာလို့ သိရတယ်။ လူငယ်တွေကို ခေါ်လာတဲ့ ညွန့်ဝင်းကို တပ်နဲ့ရဲက စစ်ဆေးတာ။ ပြည်ပအကျိုးဆောင်လုပ်ငန်းလိုင်စင် မရှိဘဲ လူငယ်တယောက်ကို ၃၅ သိန်းယူပြီး ပြည်ပကို ပို့ဆောင်နေတာ လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာ။”
အဆိုပါ လူငယ် ၁၄ ယောက်ဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု၊ သာယာသစ်ကျေးရွာက အသက် ၁၆ နှစ်အရွယ် ရှိုင်းရာဇာ အပါအဝင် ဟန်ဇာမင်းထက်၊ သီဟနိုင်၊ ငြိမ်းခန့်ဇော်၊ မောင်မောင်ကျော်၊ ကောင်းမြတ်မင်း၊ ဟိန်းရာဇာမင်း၊ မင်းထက်ဇော်၊ မေယင်မောင်ကျော်၊ မသင်းရနံ့ဇော်၊ မခိုင်ဇင်ဇော်၊ မစန္ဒာဝင်း၊ ရဲမင်းထက် နဲ့ သန့်ဇင်ဦးတို့ ဖြစ်ပါတယ်။
ပန်းတောင်းမြို့နယ် ကြိုးကြာကျေးရွာအုပ်စု၊ ရွာသာလှရွာနေသား ညွန့်ဝင်းဟာ လူငယ်တွေကို ကရင်ပြည်နယ် မြဝတီကနေတဆင့် ထိုင်းနိုင်ငံသို့ပို့ ဆောင်ဖို့ ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ ပြည်ပအလုပ်သမားစုဆောင်းခွင့် လိုင်စင်/ကိုယ်စားလှယ် လိုင်စင်ရယူထားခြင်းမရှိဘဲ အကျိုးဆောင်ခရယူပြီး ပြည်ပအလုပ်သမား စုဆောင်းပေးတဲ့ အသက် ၅၉ နှစ်အရွယ် ညွန့်ဝင်းကို ကြံခင်း ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။