DVB Logo
Home
မြန်မာသတင်း
ကရင်နီ စာသင်ကျောင်း ၆၀၀ ခန့်အတွက် ဖတ်စာအုပ်များ လိုအပ်
DVB
·
July 2, 2025
ကရင်နီ စာသင်ကျောင်း ၆၀၀ ခန့်အတွက် ဖတ်စာအုပ်များ လိုအပ်
Donate to DVB

ကရင်နီပြည်နယ်မှာရှိတဲ့ အခြေခံပညာ စာသင်ကျောင်းတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကြားကနေ ပညာသင်ကြားနေရပြီး  စာသင်ကျောင်း ၆၀၀ ဝန်းကျင်အတွက် ဖတ်စာအုပ်တွေလည်း လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေထံက သိရပါတယ်။

ကရင်နီပြည်နယ်မှာရှိတဲ့ မြို့နယ်တွေမှာ စာသင်ကျောင်းပေါင်း ၆၀၀ နီးပါးရှိပြီး စာသင်ခန်းတခန်းမှာ ဖတ်စာအုပ်တအုပ်ကို ကျောင်းသား ၄၊ ၅ ယောက်က ဝိုင်းကြည့်နေရတာဖြစ်လို့ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေအတွက် အခက်အခဲတွေ ရှိနေတာပါ။ 

ကရင်နီမှာ စာသင်ကျောင်း ၆၀၀ နီးပါးရှိပြီး KG ကနေ အထက်တန်းအထိ ကျောင်းသူ ကျောင်းသား ၆၀,၀၀၀ ကျော်ရှိနေပေမဲ့ ဖတ်စာအုပ် လိုအပ်ချက်တွေက ကြီးမားနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးသူတွေက ပြောပါတယ်။

Clean Yangon မှ ကိုဇေယျာထွန်း က “ကျောင်းဖွင့်ရာသီဆိုတော့ ကလေးတွေအတွက် အဓိက ပြောချင်တာပေါ့နော်။ အဓိကတော့ ဖတ်စာအုပ် မလုံလောက်မှုတွေ စာရေးကိရိယာ မလုံလောက်မှုတွေက အများကြီးပဲ၊ တချို့ကျောင်းတွေဆို တခန်းလုံးနေမှ ဖတ်စာအုပ် ၂ စုံလောက်ပဲ ရှိတယ်။ အဲဒါကို တခန်းလုံးက မျှပြီးကြည့်ကြတဲ့ အနေအထားအထိ ဖြစ်နေတာကို တွေ့ရတာပေါ့နော်။ အဲဒါတွေ လိုအပ်ချက်အပြင် ကလေးတွေက ကျောင်းတွေမှာ စာသင်လို့ မရဘူး။ စစ်ကောင်စီရဲ့ လေကြောင်းက ခြိမ်းခြောက်မှုတွေကြောင့် ကျောင်းတွေက အကုန်အလွတ်တွေပဲ ထားထားရတယ်။ နီးစပ်ရာ ရွာတွေထဲက အိမ်တွေမှာ မျှပြီးတော့ စာသင်ခန်းမဟုတ်တဲ့ နေရာတွေ၊ လုံခြုံမယ် ထင်ရတဲ့နေရာတွေမှာ အခန်းတွေခွဲပြီးတော့ သင်ကြားရတဲ့အတွက် စာသင်ကျောင်းမှာ စာမသင်ရတဲ့ ဒုက္ခတွေ စိုးရွံ့ကြောက်လန့်မှုတွေက နိစ္စဓူဝ ရင်ဆိုင်နေရပါတယ်” လို့ ပြောပါတယ်။

ကျောင်းဖွင့်ရာသီဖြစ်ပေမယ့် စစ်ကောင်စီ လေကြောင်းရန်ကို ကြောက်ရတာကြောင့် စာကို ခိုးသင်နေရတဲ့အပြင် ဖတ်စာအုပ်တွေ ဆိုရင်လည်း KG ဖတ်စာအုပ် တစုံကို ၉,၀၀၀ လောက်က စလို့ အတန်းမြင့်လေ ဈေးမြင့်လေ ဖြစ်တာကြောင့် အထက်တန်း ဖတ်စာအုပ်တွေက ကျပ် ၃၀,၀၀၀ ‌ကျော်အထိ ရှိနေတာပါ။

ဖတ်စာအုပ် မပြည့်စုံတဲ့အတွက် စာသင်ကြားရာမှာလည်း အခက်အခဲတွေ ကြုံတွေ့နေရတာကို စာသင်နေတဲ့ ဆရာမတယောက်က ပြောပါတယ်။

“ဖတ်စာအုပ်က ဆရာမတွေ ကိုင်ဖို့ပဲရှိတော့ ကလေးတွေက စာသင်ရင် ဖတ်စာအုပ် မပါတော့ ကြည့်ဖို့မရှိဘူး။ ဆရာမတွေမှာ White Board မှာ ရေးပြီး တကြောင်းချင်းစီ ရေးပြရတယ်၊ ဒီတိုင်း သင်လို့မရဘူး။ ဖတ်စာအုပ်က တနှစ်ထက်တနှစ် အလှူရှင်ကလည်း နည်းလာတယ်။ ဖတ်စာအုပ် မရှိတာက ဆရာ၊ ဆရာမအတွက်လည်း ခက်ခဲတယ်၊ ကျောင်းသူ ကျောင်းသားအတွက်လည်း တအား ခက်ခဲတယ်၊ လိုတဲ့ခရီးပန်းတိုင်ကို အမြန်မသွားနိုင်ဘူး။ ရေးရတာ တချိန်၊ ပြီးရင် အပေါ်က လေယာဉ်တွေ ကြောက်ရတာနဲ့ဆိုတော့ ကျောင်းဖွင့်ရတာလည်း မလွယ်လှဘူးပေါ့နော်။ အလှူရှင်တွေကလည်း ပါးလာတယ်၊ ကလေးတွေကလည်း မဝယ်နိုင်ဘူးပေါ့။”

ကလေးငယ်တွေက အခက်အခဲတွေကြားကနေ ပညာသင်ကြားနေရပြီး မိသားစုဝင် များတဲ့အိမ်တွေမှာ ကျောင်းစရိတ် မတတ်နိုင်တာကြောင့် အတန်းကြီးသူတွေက ကျောင်းထွက်ရတာတွေလည်း ရှိနေပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၃ သိန်းကျော်ရှိနေပြီး အသက် ၁၈ နှစ်အောက် ကလေးငယ်တွေက ၁ သိန်းကျော် ပါဝင်ကာ ပညာသင်ကြားဖို့အတွက် ကျောင်းစရိတ်မတတ်နိုင်တာ၊ ဖတ်စာအုပ်နဲ့ သင်ထောက်ကူတွေ လိုအပ်တာတွေလည်း ရှိနေပါတယ်။ 

နှင်းနှင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013