
လှိုင်သာယာမြို့မရဲစခန်းက ဒုရဲအုပ် ၂ ယောက်ကို သေနတ်နဲ့ ပစ်ခတ်ပြီး နိုင်ငံရေးမှုနဲ့ အချုပ်ကျနေတဲ့ အမျိုးသမီးကို ကယ်ထုတ်သွားတဲ့အဖွဲ့ကို ဇူလိုင် ၂ ရက် မနက်က သန်လျင်မြို့နယ်မှာ ဖမ်းမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
မနေ့ ည ၇ နာရီက လှိုင်သာယာမြို့မရဲစခန်းမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နဲ့ ဖမ်းဆီးထားတဲ့ မဇွန်ပွင့်ဖြူကို ဆေးရုံလိုက်ပို့ချိန်မှာ မင်းကြီးမဟာမင်းခေါင်လမ်းမှာ ပစ်ခတ်ပြီး ကယ်ထုတ်သွားတဲ့အဖွဲ့ကို သန်လျင်မြို့နယ် ဘောသပြေကန်ကျေးရွာအနီးမှာ ဖမ်းဆီးရမိတာလို့ မြို့ခံတယောက်က ပြောပါတယ်။
“သန်လျင် ဘောသပြေမှာ ပိတ်ဆို့ရှာဖွေရင်း ကားကိုမိတာ၊ စစ်သားတွေက ကောင်လေး ၃ ယောက်ကို မိတဲ့နေရာမှာတင် ရိုက်နှက်စစ်ဆေး ဓာတ်ပုံရိုက်ပြီး ခေါ်သွားတာ။”
ဖမ်းဆီးရမိတဲ့အထဲမှာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး တယောက်ပါဝင်ပြီး အမှန်တကယ် ရဲကို ပစ်ခတ်ထွက်ပြေးသွားသူတွေ ဟုတ်၊ မဟုတ်တော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
အဆိုပါပစ်ခတ်မှုမှာ သေဆုံးခဲ့သူဟာ ကိုကိုးကျွန်းမြို့နယ် ရဲစခန်းက ဒုရဲအုပ်တင်မောင်ဝင်း ဖြစ်ပြီး လှိုင်သာယာမြို့မရဲစခန်းမှ ဇနီးဖြစ်သူ ဒုရဲအုပ်ဆွေဇင်မျိုးထံ ရောက်ရှိနေချိန် အချုပ်သားကို လိုက်ပို့ရာက ပစ်ခတ်ခံရတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ကိုကိုးကျွန်းကနေ မိန်းမဆီ လာလည်တဲ့အချိန် ပစ်ခံရတာ၊ အခုကယ်ထုတ်သွားတဲ့ အချုပ်သားရော ပစ်တဲ့အဖွဲ့ရော မိတယ်၊ ဒါပေမဲ့ စစ်တပ်က ရဲစခန်းမပို့ဘဲ စစ်ကြောရေးကို ခေါ်သွားတယ်။”
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တပ်က ရန်ကုန်တဖက်ကမ်း ဒလမြို့နယ်က သမ္ဗန်စီးခွင့်ပိတ်ကာ ဘုရင့်နောင်တံတား၊ အောင်ဇေယျတံတား၊ ရွှေပြည်သာတံတား၊ သန်လျင်တံတားတို့ကို ပိတ်ဆို့ရှာဖွေပြီးနောက် ဒီနေ့မနက် သန်လျင်မြို့နယ်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။