
ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၆ ရပ်ကွက်၊ ခိုင်မေတ္တာလမ်းက အိမ်တအိမ်မှာ ဆောင်းဘောက်စ်ဖွင့်ပြီး သီချင်းဆိုလို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးက အိမ်ရှင်ကို ဒဏ်ငွေရိုက်ခဲ့သလို သီချင်းဆိုတဲ့လူငယ်ကို ရပ်ကွက်ရုံးမှာ ခေါ်ယူထိုးကြိတ်ခဲ့ကြတယ်လို့ ရပ်ကွက်ရုံးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကြံ့ခိုင်ရေးပါတီက စစ်ကောင်စီခန့်ထားတဲ့သူဖြစ်ပြီး အကြောင်းအမျိုးမျိုးပြကာ ရပ်ကွက်နေပြည်သူတွေဆီက ငွေကြေးကောက်ယူမှုတွေ မကြာခဏ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူက “စစ်ကောင်စီ အာဏာသိမ်းပြီးမှ အုပ်ချုပ်ရေးမှူး ဖြစ်လာတာ၊ သူ့နာမည်က အောင်ကျော်ဦး၊ အစက စည်ပင်ဝန်ထမ်း၊ သူက ‘ဖီး’ Fee နာမည်နဲ့ လက်ဖက်ရည်ဆိုင်လည်း ဖွင့်ထားတယ်။ သူ့ဆိုင်မှာပဲ ကြံ့ခိုင်ရေးပါတီကလူတွေ၊ ပျူစောထီးအဖွဲ့၊ မအူပင် သွေးသောက်အဖွဲ့တွေ ထိုင်တာများတယ်။ ရပ်ကွက်ရုံးမှာလည်း ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကို ကြံ့ခိုင်ရေးပါတီက သူတွေကိုပဲ ခန့်ထားတာ၊ လက်သံပြောင်တယ်၊ ရပ်ကွက်အတွင်းက ဘယ်ကိစ္စမဆို ကိုယ်ထိလက်ရောက် အမြဲလုပ်လေ့ရှိတယ်” လို့ ပြောပါတယ်။
အခုဖြစ်တဲ့ကိစ္စမှာလည်း လမ်းထဲ ဆောင်းဘောက်စ်ဖွင့် သီချင်းဆိုတာကို ဘေးအိမ်က ဖုန်းဆက်တိုင်လို့ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရုံးခေါ်ပြီး ဒဏ်ငွေ ကျပ် ၅ သိန်းရိုက်တာ၊ သီချင်းဆိုတဲ့သူက အမှတ် ၂ ရပ်ကွက်က၊ သူ့ရပ်ကွက်ထဲလာပြီး အော်ကြီးဟစ်ကျယ် သီချင်းဆိုရမလား ဆိုပြီး ဝိုင်းပြီး ထိုးကြိတ်ကြတာလို့ ဆိုပါတယ်။
မအူပင်မြို့မှာ မြို့ပြယူဂျီအားလုံးနီးပါး စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံထားရတဲ့ ယူဂျီတွေကို လူသတ်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ လက်နက်ကိုင်ဆောင်မှုတွေနဲ့ အမှုဖွင့်ပြီး သေဒဏ်၊ တသက်တကျွန်းပြစ်ဒဏ်တွေ ချမှတ်ခံထားရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပျူစောထီးအဖွဲ့တွေ ကြီးစိုးနေတာလို့ မအူပင်မြို့ခံတွေဆီကနေ သိရပါတယ်။