
ရုရှားနိုင်ငံထဲက အဇာဘိုင်ဂျန်နိုင်ငံသားတွေကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီးတဲ့နောက် တောင်ပိုင်းကော့ကေးဆပ်နိုင်ငံ အဇာဘိုင်ဂျန်မှာ ကျင်းပမယ့် ရုရှားယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားတွေကို ဖျက်သိမ်းဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ဝမ်းနည်းရတယ်လို့ ဇွန် ၃၀ ရက်မှာ ရုရှားသမ္မတနန်းတော်က ပြောပါတယ်။
အဇာဘိုင်ဂျန်နိုင်ငံရဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ရုရှားနိုင်ငံ ရေကာတေရင်ဘာ့ဂ်မြို့က လူမျိုးရေးဆိုင်ရာ အကြောင်းပြချက်တွေနဲ့ အဇာဘိုင်ဂျန်နစ်လူမျိုးတွေအပေါ် ရုရှားဥပဒေ အာဏာတည်ရေး အဖွဲ့အစည်းတွေက အကြမ်းဖက်ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေ၊ ဥပဒေပြင်ပ သတ်ဖြတ်မှုတွေ ပစ်မှတ်ထားတာတွေကို ဆန္ဒပြတဲ့ အနေနဲ့ ရုရှားအစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေက စီစဉ်ထားတဲ့ ဖျော်ဖြေပွဲတွေ၊ ပြပွဲတွေနဲ့ တခြားပွဲတွေ အားလုံးကို ဖျက်သိမ်းလိုက်တယ်လို့ အဇာဘိုင်ဂျန် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။
မပြီးပြတ်သေးတဲ့ လူသတ်မှုတခုနဲ့ ဆက်စပ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ရုရှားစက်မှုမြို့တော် အူရာလက်စ်မှာ အဇာဘိုင်ဂျန်လူမျိုး ဒါဇင်များစွာ ထိန်းသိမ်းခံခဲ့ရပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲက ၂ ယောက် သေဆုံးပြီး တခြားလူ အများအပြား ဒဏ်ရာရခဲ့ပါတယ်။
အဇာဘိုင်ဂျန်အစိုးရက ဆုံးဖြတ်ချက်ချစေခဲ့တဲ့ အဖြစ်အပျက်တွေကို ကောင်းကောင်းနားလည်ဖို့ အရေးကြီးပြီး ရုရှားက အဇာဘိုင်ဂျန်နဲ့ ဆက်ဆံရေးကို ပိုတိုးတက်အောင်လုပ်ဖို့ စိတ်ဝင်စားတယ်လို့ ကရင်မလင်က ပြောပါတယ်။
ရုရှားအမျိုးသားရေးဝါဒီ ဘလော့ဂါတွေက ရဲတွေက သူတို့အလုပ်ကို သူတို့ လုပ်တာသာဖြစ်ပြီး ရာဇ၀တ်မှုတွေကို တိုက်ဖျက်နေတာသာ ဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။
Source:Reuters