Home
မြန်မာသတင်း
ထိုင်းနိုင်ငံမှ ဖမ်းဆီးပြန်ပို့ခံရသည့် ရွှေ့ပြောင်းလုပ်သား   ၉၀၀ ကျော် စစ်သားစုဆောင်းခံရ
DVB
·
July 1, 2025
ဇွန်၂၅ ရက်က ရနောင်းအချုပ်ထောင်မှ ပြန်ပို့ခံရသူများ။ Photo : CJ

ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်မှုနဲ့ ဖမ်းဆီးပြီး နေရပ်ပြန်ပို့ခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား  အမျိုးသား  အယောက် ၉၀၀ ကျော်ဟာ စစ်မှုထမ်းဖို့ တပ်သားအဖြစ် စုဆောင်းခံထားရတယ်လို့ ကော့သောင်းဒေသခံတွေက ပြောပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လအတွင်း ရွှေ့ပြောင်းအလုပ်သမား ၁,၀၁၅ ယောက်ကို ရနောင်းအချုပ်ထောင်ကနေ မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းခဲ့ရာမှာ အမျိုးသား အယောက် ၉၀၀ ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ အမျိုးသားတွေအထဲမှာ အသက်အရွယ်စုံ ပါဝင်ပြီး ရက်တိုစစ်သင်တန်းပေးကာ ရှေ့တန်းစစ်မျက်နှာပြင်ကို ပို့ဆောင်နေတာလို့ အဲဒီအခြေအနေကို သိတဲ့ ကော့သောင်းဒေသခံတယောက်က ပြောပါတယ်။

"ဇွန်လ ၂၅ ရက်နေ့က ၉၈ ဦး ရနောင်းဘက်က ပြန်ပို့တယ်။ အဲဒီအထဲမှာ အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၆ ဦးပါတယ်။ အမျိုးသမီးတွေကိုတော့ နေရပ်ပြန်ခွင့်ပေးတယ်။ ၉၂ ဦးလုံးကို ဒီဘက် ကော့သောင်းဘက်ခြမ်းမှာ သံအမတ်အပါအဝင် လဝက က အချက်အလက် စစ်တယ်။ ပြီးရင် စစ်ကောင်စီတပ်က ခမရ-၂၆၂ ထဲကိုခေါ်သွားတယ်။ အဲဒီကနေ ၈မိုင်ဆေးရုံမှာ ဆေးသုံးခါစစ်ပြီးရင် ရက်တိုစစ်သင်တန်း တစ်ပတ်လောက် ပေးပြီး စစ်မျက်နှာပြင်ကို တန်းပို့တယ်။"

ပြီးခဲ့တဲ့ မတ်လအတွင်းက မြိတ်အခြေစိုက် ရွှေဒူးကျေးရွာ တိုက်ခိုက်ရေးနဲ့ စည်းရုံးရေး သင်တန်းကျောင်းကနေ ထွက်ပြေးလွတ်မြောက်လာသူတယောက်ကတော့ စစ်မှုထမ်းဖို့အတွက် သဘောဆန္ဒကို စစ်ကောင်စီတပ်ဘက်က မေးမြန်းတာမရှိခဲ့ဘူးလို့ ပြောပါတယ်။

"ကျနော်တို့အဖွဲ့က ဇန်နဝါရီ ၂၁ ရက်နေ့က ရနောင်းဘက်ကနေ လွှဲပြောင်းခံရတာ။ အားလုံးပေါင်း အမျိုးသား ၇၀ ကျော်ပါတယ်။ အကုန်လုံးကိုဆေးစစ်တာ ဆေးကျတာ တယောက်ပဲရှိတယ်။ ဆေးစစ်ပြီးတာနဲ့ ခလရ-၄၃၁ ကိုပို့တယ်။ အဲဒီကနေ မြိတ်မြို့နယ်၊ ရွှေဒူးရွာမှာရှိတဲ့ တိုက်ခိုက်ရေးနဲ့ စည်းရုံးရေး သင်တန်းကျောင်းကို ပို့ပြီး စစ်သင်တန်းကို ၁၀ ရက်ကျော် တက်ခဲ့ရတယ်။ အဲဒီသင်တန်းကျောင်းကနေပဲ ခက်ခက်ခဲခဲ အသက်ရင်းပြီး ထွက်ပြေးခဲ့ရတာပါ"

လက်ရှိအချိန်မှာတော့ မိသားစုရှိတဲ့ ထိုင်းနိုင်ငံဘက်ကို ပြန်မသွားနိုင်သေးပေမဲ့ လွတ်မြောက်ဒေသတခုကို ရောက်ရှိနေပြီလို့လည်း သူက ဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်တပ်တွေရဲ့ ထုတ်ပြန်ချက်တွေပေါ် အခြေခံပြီး DVB က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၅ ခုနှစ် ပထမသုံးလတွင်း စစ်ကောင်စီတပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ၁၃၆ ယောက်အထိ ရှိလာပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024