
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က အရပ်သားတွေကို NUG ပညာရေးကျောင်းတွေမှာ ကလေးတွေ စာမသင်ကြားဖို့ ခေါ်ယူတားမြစ်ပြီး ခံဝန်ထိုးခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၂၉ ရက်က စတင်ပြီး စစ်ကောင်စီခန့် ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူး သိန်းဇော်နဲ့ စရဖ အောင်မြင့်ဦးတို့က ထွေအုပ်ရုံးကို အသုတ်လိုက်ခေါ်ယူကာ NUG က ဖွင့်လှစ်တဲ့ အွန်လိုင်းပညာ အပါအဝင် ပညာသင်ကြားရေး လုပ်ငန်းတွေမှာ ကလေးတွေကို ပညာသင်ကြားပေးတာ လုံးဝမလုပ်ဖို့ ခေါ်ယူသတိပေးခဲ့ပြီး NUG ပညာသင်ကြားရေး လုပ်ငန်းတွေမှာ လုံးဝ မပါဝင်ပါ ဆိုပြီး ခံဝန်ထိုးခိုင်းတာလို့ ဆိုပါတယ်။
ငွေဆောင်မြို့ခံ အရပ်သားတယောက်က “NUG ပညာရေးအစီအစဉ်တွေမှာ မပါဝင်ဖို့ တားမြစ်တာ။ ပါဝင်မှုရှိရင် ချက်ချင်းရပ်ကြဖို့ ပြောတယ်။ လုံးဝ မပါဝင်ပါဘူးဆိုတဲ့ ခံဝန်ကတိပါ ထိုးခိုင်းတာ” လို့ ပြောပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က အရပ်သားတွေဆီကနေ NUG ပညာရေးကျောင်းတွေမှာ ကျောင်းလုံးဝမထားပါဘူးဆိုတဲ့ ခံဝန်လက်မှတ် ယူတဲ့အပြင် NUG၊ PDF စတဲ့ တရားမဝင် အသင်းအဖွဲ့တွေနဲ့ ပတ်သက်မှုရှိပါက ဖမ်းဆီးအရေးယူ ထောင်ချခံရမယ်လို့ ခြိမ်းခြောက် ပြောဆိုတယ်လို့ ဆိုပါတယ်။
CDM ဆရာမတယောက်က “ငွေဆောင်မြို့မှာ CDM ဆရာ ဆရာမတွေ မနည်းရှိတာကို စစ်ကောင်စီက သိထားတယ်။ CDM ဆရာ ဆရာမတွေကနေ NUG ပညာရေးကို ပြည်သူတွေ ပူးပေါင်းမှာ စိုးရိမ်ပြီး အခုလိုလုပ်တာ” လို့ ပြောပါတယ်။
ငွေဆောင်မြို့မှာ CDM ပညာရေးဝန်ထမ်းတွေ ကျူရှင်သင်ကြားနေတယ်လို့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို တင်ပြတာတွေ ရှိနေတာကြောင့် အခုလို လုပ်တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကလည်း ငွေဆောင်မြို့က CDM လုပ်သွားတဲ့ အလယ်တန်းပြ ကျောင်းဆရာတယောက်ရဲ့ မိသားစုကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။