DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ် ဘတ်ဂျက်ဥပဒေ ပြဋ္ဌာန်းပါက ပါတီသစ်ထောင်မည်ဟု အီလွန်မတ်စ်ခ် သတိပေး
DVB
·
July 1, 2025
ထရမ့်ပ် ဘတ်ဂျက်ဥပဒေ ပြဋ္ဌာန်းပါက ပါတီသစ်ထောင်မည်ဟု အီလွန်မတ်စ်ခ် သတိပေး
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ One Big, Beautiful Bill Act လို့ခေါ်တဲ့ အခွန်နဲ့ အရ အသုံး ကိုက်ညှိမှု ဥပဒေကြမ်းသာ အတည်ပြုနိုင်ခဲ့ရင် “အမေရိကပါတီ” ဆိုတာကို နောက်တရက်မှာ ထူထောင်မယ်လို့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်က သတိပေးလိုက်ပါတယ်။

ဇွန် ၃၀ ရက် (မြန်မာစံတော်ချိန်အရ ဇူလိုင် ၁ ရက်နေ့) မှာ ဒီဥပဒေကြမ်းကို အတည်ပြုဖို့အတွက် အထက်လွှတ်တော်မှာ ဆွေးနွေးနေကြပါတယ်။

“အစိုးရအသုံးစရိတ် လျှော့ချမယ်ဆိုပြီး မဲဆွယ်ခဲ့တဲ့ ကွန်ဂရက်လွှတ်တော်အမတ်တိုင်းဟာ အခုကျတော့ သမိုင်းမှာ အကြီးမားဆုံး ကြွေးမြီမြင့်တက်မှု ဖြစ်စေမယ့် မဲပေးနေကြတာဟာ ခေါင်းမဖော်နိုင်လောက်အောင် အရှက်ရသင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလူတွေ နောင်နှစ် အကြိုရွေးကောက်ပွဲတွေမှာ ရှုံးအောင်ကို လုပ်ပစ်မှာ” လို့ မတ်စ်ခ်က သူပိုင်တဲ့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

နောက်နာရီပိုင်းအကြာမှာတော့ “ဒီလို ရူးသွပ်တဲ့ အသုံးစရိတ် ဥပဒေကြမ်းသာ အတည်ပြုရင် အမေရိကပါတီကို နောက်တရက်မှာ ထူထောင်ပစ်မယ်” လို့ မတ်စ်ခ်က ထပ်ရေးခဲ့ပါတယ်။

ဟိုဘက်၊ ဒီဘက် အစွန်းမရောက်တဲ့ အလယ်မှာရှိတဲ့ အမေရိကန်ပြည်သူ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ ပါတီမျိုး ထောင်မယ်လို့ မတ်စ်ခ်က ထပ်ပြောခဲ့ပါတယ်။

“ကျုပ်တို့တိုင်းပြည်ဟာ ဒီမိုကရက်-ရီပတ်ဘလီကန် နှစ်ပါတီအမည်ခံ တပါတီတည်းလို ဖြစ်နေတာအပြင် တခြားနည်းရွေးချယ်စရာတခု လိုအပ်ပါတယ်။ ဒါမှသာ ပြည်သူတွေမှာ အသံရှိမှာ” လို့ မတ်စ်ခ်က ဆိုပါတယ်။

ရှေ့အပတ်တွေကတည်းက ထရမ့်ပ်ရဲ့ မူဝါဒကို ကိုယ်စားပြုတဲ့ ဥပဒေကြမ်းကို ဆန့်ကျင်ကြောင်း မတ်စ်ခ်က အစဉ်တစိုက် ဝေဖန်နေခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ပါတီသစ်ထောင်မယ်ဆိုတဲ့ ကိစ္စပါ ထပ်တလဲလဲ ပြောလာတာဖြစ်ပါတယ်။ 

မတ်စ်ခ်ဟာ ၂၀၂၄ ရွေးကောက်ပွဲမှာ ထရမ့်ပ်နဲ့ ရီပတ်ဘလီကန် အမတ်လောင်းတွေကို ငွေအား လူအား သုံးပြီး ပံ့ပိုးခဲ့ပါတယ်။

ထရမ့်ပ် အစိုးရဖြစ်လာတော့လည်း အစိုးရအကျိုးထိရောက်မှုဌာန (DOGE) ကို ဖွဲ့စည်းပြီးတော့ အစိုးရအသုံးစရိတ်လျှေ့ာချရေး ကိုယ်တိုင်ဦးဆောင်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခွန်လျှော့ပေးပြီး အသုံးစရိတ်တွေ တိုးသုံးမယ့် အရအသုံးဘတ်ဂျက် ကိုက်ညှိတဲ့ ဥပဒေကြမ်းကို ထရမ့်ပ်အစိုးရက ချပြချိန်မှာတော့ မတ်စ်ခ်နဲ့ ထရမ့်ပ်အကြား သဘောထား ကွဲလွဲလာခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013