DVB Logo
Home
မြန်မာသတင်း
ပို့ကုန်ရငွေ ပြန်မဝင်သည့် ကုမ္ပဏီ ၂၀၀ ခန့်ကို  စစ်ကောင်စီ ဗဟိုဘဏ်က အမည်ပျက်စာရင်းသွင်း
DVB
·
July 1, 2025
ပို့ကုန်ရငွေ ပြန်မဝင်သည့် ကုမ္ပဏီ ၂၀၀ ခန့်ကို  စစ်ကောင်စီ ဗဟိုဘဏ်က အမည်ပျက်စာရင်းသွင်း
Donate to DVB

၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ပို့ကုန်ရငွေ ပြန်မဝင်သေးတဲ့ ကုမ္ပဏီ ၁၉၇ ခုနဲ့ အဲဒီကုမ္ပဏီတွေရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ဇွန် ၂၇ ရက် နေ့စွဲနဲ့ ကြေညာပါတယ်။

၂၀၂၅ ခုနှစ် ဇွန် ၂၃ ရက်အထိ စိစစ်ချက်တွေအရ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ပို့ကုန်လုပ်ငန်း‌တွေ လုပ်ဆောင်ထားပေမဲ့ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီ ၁၉၇ ခုဟာ နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေစည်းမျဉ်း‌တွေကို လိုက်နာခြင်း မရှိခဲ့လို့ အမည်ပျက်စာရင်းသွင်းတာလို့  ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အမည်ပျက်စာရင်းသွင်းခံရတဲ့ ကုမ္ပဏီတွေဟာ စီးပွားရေးကဏ္ဍပေါင်းစုံက ဖြစ်ပြီး အများစုက ကုန်သွယ်မှုလုပ်ငန်းတွေ ဖြစ်ပါတယ်။

ဗဟိုဘဏ်က ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ ကုန်ထုတ်လုပ်ငန်းတွေ၊ ခရီးသွားလာရေးနဲ့ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ မော်တော်ယာဉ်၊ ဆေးသုတ်ပစ္စည်း၊ လယ်ယာထွက်ကုန်၊ ပို့ဆောင်ရေး၊ အထည်ချုပ်၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ သံမဏိ၊ သတ္တုတူးဖော်ရေးနဲ့ ရေကြောင်းပို့ဆောင်ရေး စတဲ့ အမျိုးမျိုးသော လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။

ပို့ကုန်လုပ်ငန်းတွေဟာ ပို့ကုန်တင်ပို့ပြီးနောက် ပြန်လည်ရရှိတဲ့ ရငွေတွေကို သတ်မှတ်ထားတဲ့ကာလအတွင်း ပြည်တွင်းမှာရှိတဲ့ သူတို့ရဲ့ ဘဏ်ငွေစာရင်းထဲကို နိုင်ငံခြားငွေနဲ့ မပျက်မကွက် ထည့်သွင်းရမယ်လို့ ဥပဒေအရ ပြဋ္ဌာန်းထားတာပါ။

နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အာရှနိုင်ငံတွေကို တင်ပို့တာဆိုရင် ပို့ကုန်တင်ပို့တဲ့နေ့ကနေ ရက် ၃၀ အတွင်း၊ တခြားနိုင်ငံတွေကို တင်ပို့ပါက ပို့ကုန်တင်ပို့တဲ့နေ့ကနေ ရက် ၆၀ အတွင်း ထည့်သွင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေတွေကို ဘဏ်ငွေစာရင်းကို ပြန်လည်ထည့်သွင်းဖို့ ပျက်ကွက်ပါက တနှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကို ချမှတ်ခံရနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ပို့ကုန်တင်ပို့သူတွေအနေနဲ့ ပို့ကုန်တင်ပို့မှုက ရရှိတဲ့ ရငွေတွေအပေါ် ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှုန်းနဲ့ မြန်မာကျပ်ငွေ မဖြစ်မနေ လဲလှယ်ရပြီး ကျန်တဲ့ ၇၅ ရာခိုင်နှုန်းကိုသာ ဈေးကွက် ‌ပေါက်ဈေးအတိုင်း လွပ်လပ်စွာ လွဲပြောင်း ရောင်းချခွင့်ရှိတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ပို့ကုန်လုပ်ငန်းတွေဆီကနေ ရရှိတဲ့ နိုင်ငံခြားငွေတွေကို online trading ပလက်ဖောင်းကတဆင့် စားသုံးဆီနဲ့ စက်သုံးဆီအပါအဝင် သွင်းကုန်လုပ်ငန်းတွေဆီကို တဒေါ်လာ ၃၅၀၀ ကျပ် ဝန်းကျင်နဲ့ ရောင်းချပေးနေပါတယ်။ ပြင်ပဈေးကွက်မှာတော့ အမေရိကန် ‌ဒေါ်လာဟာ တဒေါ်လာကို ၄၄၂၀-၄၅၂၀ ကျပ် ဝန်းကျင် ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013