
ကျပ် ၅၀,၀၀၀ တန် ငွေစက္ကူ ရိုက်ထုတ်မယ်ဆိုတဲ့သတင်းက ကောလာဟလသာဖြစ်တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေကို အစည်းအဝေးခေါ်ပြီး ပြောခဲ့တယ်လို့ ဘဏ်လုပ်ငန်းအသိုက်အဝန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်အာဏာရှင်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကလည်း သူ့ရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ကျပ် ၅၀,၀၀၀ တန် ငွေစက္ကူရိုက်ထုတ်မဲ့ကိစ္စဟာ သတင်းမှား ဖြစ်ကြောင်းလည်း ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အောက်တိုဘာ ၁၆ ရက် ညနေမှာ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်က တာဝန်ရှိသူတွေကို အစည်းအဝေးခေါ်ပြီး ပြောခဲ့တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဘတ်ဂျက်လိုငွေကျပ် ဘီလီယံ ၉,၀၀၀ အထိ ရှိနေပြီး ဘတ်ဂျက်လိုငွေပြမှုကို ဖြည့်ဆည်းဖို့ ဗဟိုဘဏ်ကနေ ငွေကျပ် ၂,၁၀၀ ဘီလီယံ ချေးယူကာ ကျန်ငွေတွေကို ငွေတိုက် စာချုပ်နဲ့ လက်မှတ်တွေ ထုတ်ရောင်းသွားမယ်လို့ စစ်အာဏာရှင်ဩဇာခံ လွှတ်တော်မှာ အတည်ပြု ခဲ့တာကြောင့် ဒါဟာ ဗဟိုဘဏ်က ငွေစက္ကူအသစ်တွေ ရိုက်ထုတ်ပြီး ငွေကျပ် ၅၀,၀၀၀ တန်တွေ ထုတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။
အဲဒီ သတင်းတွေကြောင့် ဒီရက်ပိုင်းမှာ ရွှေနဲ့ ဒေါ်လာ ဝယ်ယူစုဆောင်းမှုတွေ ပြန်လည် မြင့်တက်လာ ပြီး ပြင်ပဈေးကွက်မှာ ဒေါ်လာဈေးတွေလည်း ရုတ်တရက် မြင့်တက်သွားခဲ့ပါတယ်။
ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်တင်ဘာလ နောက်ဆုံးပတ်က တဒေါ်လာကို ကျပ် ၄,၄၀၀ အောက်မှာသာရှိခဲ့ရာကနေ အောက်တိုဘာ ၁၅ ရက်မှာတော့ ကျပ် ၄,၈၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ တဒေါ်လာကို ကျပ် ၄,၆၀၀ ဈေးမှာပဲ ဆက်ရှိနေပါတယ်။











