DVB Logo
Home
နိုင်ငံတကာ
နိုင်ငံမဲ့ကလေးများကို နိုင်ငံသားမှတ်ပုံတင်ပေး‌‌ရေး အလေးထားဆောင်ရွက်ပေးနေဟု ထိုင်းဝန်ကြီးချုပ်ပြော
DVB
·
June 30, 2025
နိုင်ငံမဲ့ကလေးများကို နိုင်ငံသားမှတ်ပုံတင်ပေး‌‌ရေး အလေးထားဆောင်ရွက်ပေးနေဟု ထိုင်းဝန်ကြီးချုပ်ပြော
Donate to DVB

ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ရှိတဲ့ နိုင်ငံခြားသားမိဘက မွေးဖွားပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့သူတွေကို ထိုင်းနိုင်ငံသားမှတ်ပုံတင် ထုတ်ပေးဖို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ဇွန် ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံမဲ့သူများပြဿနာ၊ ထိုင်းမှာမွေးဖွားပြီး နိုင်ငံသားမှတ်ပုံတင် မရှိသူတွေ ပြဿနာ ဖြေရှင်းပေးဖို့ ထိုင်းအစိုးရဝန်ကြီးများအဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက် ထုတ်ပြန်ချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ထိုင်းယာယီပြည်ထဲရေးဝန်ကြီး နန်းထီလာရတ် ဆမ်ရစ်ဝါနစ်က ဒီကနေ့ ထုတ်ပြန်ပြောဆိုပါတယ်။

အဆိုပါ ကြေညာချက်ထဲ အကျုံးဝင်သူတွေမှာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ပြီး လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကလည်းကောင်း၊ ၂၀၁၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်တွင်းမှာလည်းကောင်း နိုင်ငံမဲ့သူများစာရင်း စိစစ်ခံရကာ နေထိုင်ခွင့်ကတ် (၁၀ နှစ် တောင်ပေါ်သားကတ်) ရရှိပြီး ထိုင်းမှာ အမြဲတမ်းနေခွင့်လက်မှတ် (FRC) ရထားတဲ့ နိုင်ငံခြားသားမိဘမှ ထိုင်းနိုင်ငံမှာ မွေးဖွားလာသူ (ထိုင်းမွေးစာရင်း) ရှိတဲ့သူတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ထိုင်းဘာသာစကားကို ကောင်းစွာပြောဆိုတတ်သူ၊ အလုပ်အကိုင် အတည်တကျရှိသူ၊ နေရပ်လိပ်စာ အတိအကျရှိသူ၊ ပြစ်မှုကင်းလွတ်သူ (ရဲစခန်းထောက်ခံစာ)၊ ထိုင်းဘုရင်နိုင်ငံတော်အား သစ္စာခံသူ၊ တခြားနိုင်ငံသား ခံယူခြင်းမရှိသူတွေ ဖြစ်ရမယ်လို့ ဆိုပါတယ်။

သူတို့တွေကို စနစ်တကျ ထိုင်းမှတ်ပုံတင် ထုတ်ပေးရေးအတွက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာန မှတ်ပုံတင်ဦးစီးဌာနမှ တာဝန်ယူကာ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ပြီး သက်ဆိုင်ရာ ခရိုင်ဝန်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဆောင်ရွက်သွားဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ တရားမဝင် ဝင်ရောက်နေထိုင်သူရဲ့ သားသမီးတွေ၊ တောင်ပေါ် တိုင်းရင်းသားနဲ့ နိုင်ငံမဲ့သူတွေကို မှတ်ပုံတင်ထုတ်ပေးဖို့၊ လုပ်ငန်းမြန်ဆန်ရေးအတွက် လုပ်ငန်းစဉ် တချို့ကို လျှော့ချဖို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စာထုတ်ပြန်ခဲ့တာပါ။ အဲဒီထဲမှာ အကျုံးဝင်သူပေါင်း ၄၀၀,၀၀၀ ခန့်ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နဝပ်ကလည်း နိုင်ငံမဲ့ကလေးတွေကို ထိုင်းမှတ်ပုံတင်ထုတ်ပေးဖို့ မူလက ရက်ပေါင်း ၁၈၀ ကြာမြင့်တာကနေ ၅ ရက်အတွင်း အပြီးထုတ်ပေးဖို့၊ ထိုင်းမှာ အမြဲတမ်းနေခွင့်ရ နိုင်ငံခြားသားလက်မှတ် (FRC) ထုတ်ပေးတာကို မူလ ရက်ပေါင်း ၂၇၀ သတ်မှတ်ထားတာကနေ ၅ ရက်အတွင်း ဆောင်ရွက်ပေးဖို့ ဇွန် ၂၈ ရက်  ချင်းရိုင်းခရိုင် တောင်ပေါ်တိုင်းရင်းသားများအား ထိုင်းမှတ်ပုံတင်အပ်နှင်းပွဲမှာ ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ နိုင်ငံမဲ့သူတွေကို နိုင်ငံသားမှတ်ပုံတင်ပေး‌‌ရေး အလေးထားပြီး ဆောင်ရွက်ပေးနေတယ်၊ ဒါမှလည်း သူတို့တွေဟာ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးတွေ ရရှိမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ဆက်ပြောပါတယ်။

အဲဒီနေ့က ဝန်ကြီးချုပ်ကိုယ်တိုင် ထိုင်းနိုင်ငံသားကတ် အပ်နှင်းပေးခဲ့သူ ၂၁ ယောက်ရှိပြီး အခါ၊ လားဟူနဲ့ မြောင်ဇီး စတဲ့တိုင်းရင်းသားတွေ ပါပါတယ်။ နိုင်ငံသားကတ်ရသူတွေအနေနဲ့ ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားတရပ်အဖြစ် ပါဝင်ဆောင်ရွက်ဖို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းသွားပါတယ်။

ချင်းရိုင်းခရိုင်ဝန် နိုင်းချလင်းထောင်းန်ဆုခ်ကလည်း ချင်းရိုင်းခရိုင်မှာ ထိုင်းနိုင်ငံသားအဖြစ် မရသေးသူပေါင်း ၁၃၇,၃၇၁ ယောက်ရှိပြီး ခွင့်ပြုချက်ရထားသူ ၁၀,၀၅၈ ယောက် ရှိတယ်လို့ အဆိုပါအခမ်းအနားမှာ ပြောပါတယ်။

ဒါ့အပြင် အမြဲတမ်းနေထိုင်ခွင့် (FRC) လက်မှတ်ရ နိုင်ငံခြားသား ၆၆၇ ယောက်ရှိပြီး ဆောင်ရွက်ပေးဖို့ စောင့်ဆိုင်းနေသူ ၉၅,၃၉၁ ယောက် ရှိတယ်လို့ ပြောသွားပါတယ်။

ဒီထဲမှာတော့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားမှတ်ပုံတင် အလုပ်သမားကတ် ကိုင်ဆောင်သူတွေ အကျုံးမဝင်ပါဘူး။ သူတို့တွေဟာ မိခင်နိုင်ငံရှိနေတာကြောင့် ဖြစ်ပါတယ်။

Source: Jocho News / Post today News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013