
ဥရောပတိုက်အနှံ့အပြားမှာ အပူလှိုင်းဖြတ်သန်းမှု ဆက်လက်ဖြစ်ပွားနေပြီး လွန်ကဲတဲ့ အပူချိန်ကြောင့် နိုင်ငံအသီးသီးက ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေကို ထုတ်ပြန်ထားရပါတယ်။
ပေါ်တူဂီ၊ အီတလီနဲ့ ခရိုအေးရှား စတဲ့ ဥရောပနိုင်ငံတွေမှာ အပူလှိုင်းအန္တရာယ်အတွက် အနီရောင်အဆင့် သတိပေးချက်တချို့ ထုတ်ပြန်ထားပါတယ်။
စပိန်၊ ပြင်သစ်၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘော့စနီးယား၊ ဟန်ဂေရီ၊ ဆားဘီးယား၊ စလိုဗေးနီးယားနဲ့ ဆွစ်ဇာလန် နိုင်ငံတို့မှာလည်း လိမ္မော်ရောင်အဆင့် သတိပေးချက်တွေနဲ့ ပြည့်နှက်နေပါတယ်။
စပိန်နိုင်ငံရဲ့ တောင်ပိုင်းဒေသဟာ အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ဆဲလ်ဗီးလ်မြို့နဲ့ အနီးတဝိုက်မှာဆိုရင် ၄၅ ဒီဂရီစင်တီဂရိတ်ဝန်းကျင်အထိ အပူချိန် မြင့်တက်နေပါတယ်။
စပိန်မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ အယ်လ်ဂရန်နာဒို မြို့ငယ်လေးမှာဆိုရင် အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် အခုနှစ် ဇွန်လဟာ သမိုင်းတလျှောက် စံချိန်တင် အပူဆုံးလ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
အဲဒီနောက် ဘာစီလိုနာမြို့မှာ အလွန်ပူပြင်းနေချိန် အလုပ်လုပ်ကိုင်ခဲ့တဲ့ လမ်းသန့်ရှင်းရေး အမျိုးသမီးတယောက်ဟာ စနေနေ့က သေဆုံးခဲ့ပြီးနောက် ဒေသဆိုင်ရာ အာဏာပိုင်တွေက အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြပါတယ်။
အီတလီနိုင်ငံတဝန်းက အရေးပေါ်ဌာနတွေမှာလည်း အပူလျှပ်တဲ့ဖြစ်ရပ်တွေ တိုးပွားလာတာနဲ့ အမျှ အမြန်ကုသမှုခံယူနိုင်ဖို့ရာ သီးသန့်လမ်းကြောင်းတွေကို ဖွင့်ပေးထားတယ်လို့ ဆိုပါတယ်။
အဲဒီအပူလှိုင်းဟာ အနောက်ဘော်လ်ကန်ဒေသက နိုင်ငံတွေကိုပါ သက်ရောက်မှုရှိခဲ့တဲ့ အလျောက် အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ကျော် ရှိနေပါတယ်။
၁၉ ရာစုကတည်းက မှတ်တမ်းတင်လာတဲ့ အမြင့်ဆုံးအပူချိန်ကို ဆားဘီးယားမှာ ကျော်လွန်သွားခဲ့သလို စလိုဗေးနီးယားမှာလည်း သမိုင်းတလျှောက် အပူဆုံးဇွန်လအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။
လာမယ့်ရက်အနည်းငယ်အတွင်း ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဗြိတိန်နိုင်ငံတွေမှာပါ အပူချိန် ဆက်တက်နိုင်တယ်ဆိုပြီး ခန့်မှန်းထားပါတယ်။
ဒါဟာ ဖိအားမြင့် လေထုဧရိယာ ကြီးမားလာတာနဲ့အမျှ ခြောက်သွေ့တဲ့လေတွေ အောက်ရောက်လာတာကြောင့် အခုလိုမျိုး ပူနွေးလာတာလို့ ဖော်ပြထားပါတယ်။
လူသားတွေကြောင့်ဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုကလည်း အပူလှိုင်းတွေကို အဖြစ်များစေတဲ့အပြင် ပိုပြီးပြင်းထန်စေတယ်လို့ပါ ဖော်ပြထားပါတယ်။
Source: Reuters