
ဆီးရီးယားနိုင်ငံရဲ့မြို့တော် ဒမတ်စကတ်စ်က ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံ အပြင်ဘက် မှာ မေ ၁၉ ရက်က ကားဗုံးပေါက်ကွဲမှုကြောင့် ဆီးရီးယားစစ်သား တယောက် သေဆုံးပြီး ၁၈ ယောက် ထက်မနည်း ဒဏ်ရာ ရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မြို့တော်ရဲ့ ဘာ့ဘ်ရှာကီခရိုင်မှာ တွေ့ခဲ့တဲ့ တခြားဗုံးတလုံးကို ဖြုတ်ဖို့ စစ်သားတွေ ကြိုးစား နေတုန်းမှာ ကားဗုံးပေါက်ကွဲခဲ့တာလို့ ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံပိုင်မီဒီယာကနေ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ပေါက်ကွဲမှုအပြီးမှာ ဒဏ်ရာရသူ ၁၈ ယောက်ကို ဆေးရုံတင်ပို့ခဲ့တယ်လို့ ဆီးရီးယား လူနာတင်ယာဉ် နဲ့ အရေးပေါ်ဌာန အကြီးအကဲ နာဂျစ်ဘ် အယ်လ်နတ်ဆန်က နိုင်ငံပိုင် SANA သတင်းဌာနကို ပြောပါတယ်။ တိုက်ခိုက်မှုအတွက် ချက်ချင်းတာဝန်ယူတယ်လို့ ဘယ်အဖွဲ့ကမှ မကြေညာ သေးပါဘူး။
Source: Reuters










