
လူအတွက် သုံးဖို့ ပုံစံထုတ်ထားတဲ့ မြေမြှုပ်မိုင်းတွေ ထုတ်လုပ်ခြင်းနဲ့ အသုံးပြုခြင်းကို တားမြစ်တဲ့ အော့တဝါ ကွန်ဗန်းရှင်းကနေ နုတ်ထွက်ရေး အမိန့်တရပ်ကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက လက်မှတ်ရေးထိုးခဲ့တယ်လို့ သမ္မတရုံးဝက်ဘ်ဆိုက်က ဇွန် ၂၉ ရက်မှာ ကြေညာပါတယ်။
ယူကရိန်းပြည်သူတွေဆီပြောတဲ့ ဗီဒီယိုသတင်းစကားရပ်ထဲမှာ ဇလန်းစကီးက “ရုရှားဟာ ယူကရိန်းနဲ့စစ်ပွဲ အပါအဝင် ဒီကွန်ဗင်းရှင်းမှာ ဘယ်သောအခါကမှ မပါဝင်ခဲ့ဘူး” လို့ မီးမောင်းထိုးပြခဲ့ပါတယ်။
“နုတ်ထွက်ရေးလုပ်ငန်းစဉ်ရဲ့ ရှုပ်ထွေးမှုတွေအကြောင်းကိုလည်း ကျနော်တို့ သိပါတယ်။ ဒီဆုံးဖြတ်ချက်က ဦးစားပေးသင့်တာတွေကို ယူကရိန်း နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကို အချက်ပြပေးလိမ့်မယ်” လို့ ဇလန်းစကီးက ပြောခဲ့ပါတယ်။
ယူကရိန်းဟာ ၂၀၀၅ ခုနှစ်က ဒီသဘောတူညီချက်ကို အတည်ပြုခဲ့တာပါ။
၁၉၉၇ ခုနှစ် စက်တင်ဘာ ၁၈ ရက်က သဘောတူခဲ့တဲ့ လူအတွက်သုံးဖို့ ပုံစံထုတ်ထားတဲ့ မြေမြှုပ်မိုင်းတွေ အသုံးပြုခြင်း၊ သိုလှောင်ခြင်း၊ ထုတ်လုပ်ခြင်း၊ လွှဲပြောင်းခြင်းနဲ့ ဖျက်ဆီးခြင်းဆိုင်ရာ ကွန်ဗင်းရှင်းကနေ ယူကရိန်းက နုတ်ထွက်ဖို့ ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အဆိုပြုချက်ကို ထောက်ခံပါတယ်လို့ ဇလန်းစကီးက ထုတ်ပြန်တဲ့အမိန့်ကို ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
သမ္မတရဲ့အမိန့်ဟာ လွှတ်တော်ရဲ့ သဘောတူညီချက်ကို ရဖို့ လိုသေးတယ်လို့ ယူကရိန်း အကြီးတန်းလွှတ်တော်အမတ် ရိုမန် ကိုစတန်ကိုက ပြောပါတယ်။
ဒီကိစ္စကို လွှတ်တော်မှာ ဘယ်အချိန်မှာ ဆွေးနွေးမယ်ဆိုတာ ကိုစတန်ကိုက မပြောခဲ့ပါဘူး။ ဒါဟာ စစ်ရဲ့အဖြစ်မှန်က ကာလရှည်ကြာ တောင်းဆိုခဲ့တဲ့ ခြေလှမ်းတခုပါ။
အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ ယူကရိန်းလွှတ်တော် အတွင်းရေးမှူး ကိုစတန်ကိုက “ရုရှားဟာ ဒီကွန်ဗင်းရှင်းမှာ အဖွဲ့ဝင်မဟုတ်သလို ကျနော်တို့ရဲ့ စစ်တပ်နဲ့ အရပ်သားတွေအပေါ် မိုင်းတွေ အကြီးအကျယ် သုံးနေပါတယ်” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ပြောခဲ့ပါတယ်။
ရန်သူဘက်မှာ ကန့်သတ်ချက်မရှိတဲ့ ပတ်ဝန်းကျင်မှာ ကျနော်တို့ကို ချည်နှောင်ထားလို့ မရနိုင်ဘူး လို့လည်း ပြောပါတယ်။
ဥပဒေပြုရေး ဆုံးဖြတ်ချက်ကနေ ယူကရိန်းရဲ့ နယ်မြေကို ထိထိရောက်ရောက် ကာကွယ်ပိုင်ခွင့်ကို ပြတ်ပြတ်သားသား ပြန်ရယူရမယ်လို့လည်း ကိုစတန်ကိုက ပြောပါတယ်။
ရုရှားဟာ လူအင်အား သိသိသာသာ ထင်ထင်ရှားရှား သာလွန်ကောင်းမွန်မှုကို အသုံးပြုပြီး မကြာသေးမီလတွေအတွင်း ယူကရိန်းမှာ ထိုးစစ်တွေကို အရှိန်မြှင့်ခဲ့ပါတယ်။
Source: Reuters