
သီရိလင်္ကာနိုင်ငံက အကျဉ်းထောင်တခုမှာ မူးယစ်ဂိုဏ်း ၂ ခုကြား ခိုက်ရန်ဖြစ်ပွားခဲ့လို့ အစောင့် ၇ ယောက် အပါအဝင် လူ ၂၆ ယောက် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရသွားပါတယ်။
ဒီဖြစ်စဉ်ဟာ မြို့တော် ကိုလံဘိုမြောက်ပိုင်းက နီဂွန်ဘိုအကျဉ်းထောင်မှာ ဇူလိုင် ၅ ရက် ညပိုင်း ကတည်းက စတင်ဖြစ်ပွားခဲ့တာပါ။
ဒဏ်ရာရရှိသူတွေကို နီဂွန်ဘို ဆေးရုံဆီ အရေးပေါ် ပို့ဆောင်ခဲ့ရပြီး အဲဒီထဲက ပြင်းထန်ဒဏ်ရာရသူ ၁၈ ယောက်ကိုတော့ ကိုလံဘို အမျိုးသားဆေးရုံကို လွှဲပြောင်းပေးခဲ့ရပါတယ်။
"လူ့အသက်တွေ သေဆုံးခဲ့ရတဲ့အတွက် အလွန်ပဲ တုန်လှုပ်ဝမ်းနည်းရပြီး ဒါဟာ ဘယ်တော့မှ မဖြစ်သင့်တဲ့ ကိစ္စပါ" လို့ တရားရေးဝန်ကြီး ဟာရှာနာ နာနာယက်ကာရာက သတင်းထောက်တွေကို ပြောပါတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာ အမျိုးသမီး အကျဉ်းသားတချို့က အမိုးပေါ် တက်ပြီး လွတ်ငြိမ်းခွင့်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် အမိုးပြိုကျပြီး အမျိုးသမီးတချို့ ဒဏ်ရာရခဲ့ပါတယ်။
ဇူလိုင် ၆ ရက် မနက်ပိုင်းမှာတော့ အကျဉ်းသားတွေက အစောင့်တွေဆီက သေနတ်တွေ လုယူခဲ့ပြီး အခြေအနေ ပိုဆိုးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
အဲဒီနေ့ မနက်စာစားချိန်မှာ အကျဉ်းသားတွေနဲ့ လက်နက်ကိုင် အစောင့်တွေ ထပ်မံပဋိပက္ခဖြစ်ခဲ့ပြီး ထောင်ဆူပူမှုကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ အစောင့် ၇ ယောက် သေဆုံးခဲ့ရတာပါ။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကျဉ်းထောင် အပြင်ဘက်ကနေသာ စောင့်ကြပ်နေပြီး ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ အစိုးရက အဖွဲ့ဝင် ၃ ယောက်ပါ ကော်မတီ တခုကို ဖွဲ့စည်းလိုက်ပါတယ်။
သီရိလင်္ကာနိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ဝင်ဆံ့တဲ့ လူဦးရေထက် ၄ ဆလောက် ပိုများနေပြီး လက်ရှိမှာ အကျဉ်းသား ၄၀,၀၀၀ ကျော် ရှိနေပါတယ်။
Source:Reuters










