DVB Logo
Home
မြန်မာသတင်း
မြိတ်က ကျောင်းသား ၃ ဦးအား လက်နက်ကိုင်အဖွဲ့က ဖမ်းခေါ်သွားပြီး အဆက်အသွယ်မရသေး
DVB
·
June 29, 2025
မြိတ်က ကျောင်းသား ၃ ဦးအား လက်နက်ကိုင်အဖွဲ့က ဖမ်းခေါ်သွားပြီး အဆက်အသွယ်မရသေး
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာက ကျောင်းသား ၃ ယောက်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုကနေ လာရောက်ဖမ်းခေါ်သွားပြီး အဆက်အသွယ်မရတာ ၄ ရက်ကြာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၂၆ ရက်နေ့ မနက် ၂ နာရီဝန်းကျင်လောက်က တုံးဗျောကျေးရွာက ဥယျာဉ်ခြံတခုမှာ ခြံစောင့်ပြီး အိပ်နေကြတဲ့ အသက် ၁၇ နှစ်ဝန်းကျင်အရွယ်ကျောင်းသားလူငယ် ၃ ယောက်ကို လာရောက်ဖမ်းဆီးသွားတာလို့သိရပြီး အခု ဇွန် ၂၉ ရက် နေ့လယ်ပိုင်းအချိန်အထိ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။

“သူတို့တွေက အထက်တန်းတက်နေတဲ့ကျောင်းသားတွေပါပဲ။ သူတို့က ကြက်မောက်သီးခြံစောင့်နေရင်းနဲ့ မနက်စောစော ၂ နာရီမှာ လာဖမ်းသွားတယ်။ ဘယ်အဖွဲ့က ဖမ်းသွားလဲမသိရဘူး။ အခုလက်ရှိအထိလည်း ဒီကလေး ၃ ယောက်က ဘယ်ရောက်နေလဲမသိရဘူး”

ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေထဲက တယောက်ဟာ တုံးဗျောကျေးရွာကျောင်းအုပ်ကြီးရဲ့ သားဖြစ်ပြီးတော့ ကျန် ၂ ယောက်ကတော့ ပျူစောထီးရဲ့သားတွေဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မြိတ်မြို့နယ်ပကဖအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်ကလည်း ကျောင်းသား ၃ ယောက်ကို ဖမ်းဆီးသွားတဲ့လက်နက်ကိုင်အဖွဲ့ကိုမသိရသေးဘဲ လာရောက်ဖမ်းဆီးသွားတယ် ဆိုတာကိုပဲ သတင်းကြားသိထားရတယ်လို့ ပြောပါတယ်။

“ပျူစောထီးသားတွေလို့တော့ ပြောသံကြားတယ်။ ကျနော်တို့လည်း လိုက်စုံစမ်းနေပါတယ်။ ဘယ်အဖွဲ့ဆိုတာ မသိရသေးဘူး။ အခုလက်ရှိ ဒီဘက်နယ်မြေမှာ လှုပ်ရှားနေတဲ့အဖွဲ့တော့ မရှိဘူး။ ရုတ်တရက်လာဖမ်းဆောင်တာပဲသိလိုက်ရတယ်”

ဖမ်းဆီးခံရတဲ့လူငယ် ၃ ယောက်ရဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ပြန်လည်လွတ်မြောက်လာဖို့အတွက်လည်း မိသားစုဝင်တွေဘက်ကနေ လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ သိရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ အောက်ကင်းကျေးရွာက လူငယ် ၁ ယောက်နဲ့ ဘန်းလမွတ်ကျေးရွာခံ လူငယ် ၁ ယောက်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ သိရပြီး တနင်္သာရီမြို့က အချုပ်‌ထောင်ထဲပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013