Home
မြန်မာသတင်း
တနင်္သာရီ-မောတောင်လမ်းတွင် စစ်ကောင်စီက တိုက်ပွဲဖော်နေ
DVB
·
June 29, 2025

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီ-မောတောင် ကုန်သွယ်ရေးလမ်းကြောင်းမှာ စစ်ကောင်စီက တိုက်ခိုက်ထိုးစစ်ဆင်တာတွေရှိလာပြီး ပုလောမြို့နယ်မှာလည်း စစ်မှုထမ်းတပ်သားတွေကိုခေါ်ဖို့ ခန္တီကျေးရွာအုပ်စုမှာ ဝင်ရောက်တပ်စွဲထားတာ ၂ ပတ်ကြာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

မောတောင်လမ်းကို ဇွန် ၁ ရက်နေ့မှာ စစ်ကောင်စီရော တော်လှန်ရေးတပ်ဘက်ကပါ ဖြတ်သန်းသွားလာခွင့်ပေးခဲ့ပေမယ့် စစ်ကောင်စီဘက်က တိုက်ခိုက်ထိုးစစ်ဆင်တာတွေ လုပ်လာတယ်လို့ KTLA ထီးဆဲ့မဲ့ရွာတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“လမ်းကြောင်းတွေက ဇွန်လ ၁ ရက်နေ့ပေါ့နော်။ သူတို့ဘက်ကလည်း ဖွင့်တယ်။ ကျနော်တို့ဘက်ကလည်း ဖွင့်ထားပေးတယ်။ နှစ်ဦးနှစ်ဖက်စလုံး ဖွင့်ထားပေးတယ်။ ဇွန်လ ပထမပတ်အတွင်းမှာပဲ သူတို့ဘက်ကနေပြီး စစ်ရေးဖော်ဆောင်တာတွေ တိုက်ခိုက်တာတွေ လုပ်လာတယ်။ သူတို့ဘက်က စလှုပ်ရှားလာတော့ ကျနော်တို့ဘက်က လက်တုံ့ပြန်တဲ့ အနေအထားရှိတယ်လေ” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က တနင်္သာရီ-မောတောင်လမ်းပေါ်က သိန်ခွန်းရွာအနီးနားဝန်းကျင်ကို မြေပြင်ပြောက်ကျားတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံသီးချတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပတ်ခတ်တာတွေကို ဇွန်လအတွင်း နေ့တိုင်းနီးပါးလုပ်နေတယ်လို့ ဒေသခံတွေနဲ့ ရဲဘော်တွေဆီက သိရပါတယ်။

KNU တနင်္သာရီမြို့နယ် ဥက္ကဋ္ဌ ပဒိုညာဝါးက “စစ်ကောင်စီဘက်က ထိုးစစ်ပြန်ဆင်တဲ့အနေအထားမှာ ကျနော်တို့ဘက်က ၃ ယောက်ဒဏ်ရာရတာရှိတယ်။ စစ်ကောင်စီဘက်က သေဆုံးမှုတွေလည်း ရှိတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ အတိအကျတော့ ကျနော်တို့မသိဘူး။ ကျနော်တို့ သိန်ခွန်းအထက်ဘက် မျက်နှာစာမှာ ဖြစ်တဲ့တိုက်ပွဲတွေမှာလည်းပဲ နေ့တိုင်းထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးတာကတော့ စကစဘက်က နေ့တိုင်းနီးနီးရှိနေတာပါ” လို့ ပြောပါတယ်။

တနင်္သာရီမြို့နယ်အတွင်း ထိုးစစ်တွေမှာ စစ်ကောင်စီဘက်က ခလရ ၁၇၊ ခမရ ၂၈၀၊ ခမရ ၂၈၅ နဲ့ ခလရ ၁၀၁ တပ်ရင်းတို့ အဓိကပါဝင်ပြီး အဲဒီတပ်တွေမှာ လူဦးရေမပြည့်မီတဲ့အတွက် စစ်ကောင်စီရဲ့ တခြားတပ်ရင်းတွေကတပ်သားတွေလည်းပါဝင်နေတယ်လို့ ပဒိုညာဝါးက ပြောပါတယ်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စုမှာလည်း စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားနဲ့ ဝင်ရောက်တပ်စွဲထားပြီး ၂ ပတ်နီးပါးကြာတဲ့အထိ ပြန်မဆုတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁၄ ရက်နေ့ မနက်ပိုင်းကစပြီး ခန္တီကျေးရွာအုပ်စုက တောင်ခေါင်းလောင်းကျေးရွာရဲ့ လှေဆိပ်ကို စစ်ကောင်စီတပ်တွေ စက်လှေကြီးတွေနဲ့ စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲလာတာဖြစ်ပါတယ်။

တောင်ခေါင်းလောင်းရွာခံ အမျိုးသမီးတယောက်က “တောင်ခေါင်းလောင်းမှာ တပ်ချထားတယ်။ ရိက္ခာသယ်၊ လူပို့ဆိုရင် ဒီလမ်းကြောင်းပဲရှိတယ်လေ။ ဒီလမ်းမရှိရင် သူတို့အတွက် လုံးဝအဆင်မပြေဘူး။ ခန္တီရွာကို ဝင်လာတဲ့နေ့ကနေ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်တွေ အခုထိရှိတုန်းပဲ၊ မပြန်သေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းလူသစ်တွေကို ခန္တီကျေးရွာအုပ်စု၊ ကြတ်ကုန်းကူးတို့လှေဆိပ်ကို ပို့ဆောင်ပြီးမှ ကားနဲ့ ကထောင်းနီ၊ ကျောက်နီမော်ကျေးရွာတို့ကနေ ပလောက်မြို့ အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းဆီကို ပို့ဆောင်လေ့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ခန္တီ‌ကျေးရွာအုပ်စုကို ရောက်နေတဲ့စစ်ကောင်စီတပ်သားတွေဟာ စစ်မှုထမ်းသင်တန်းသားတွေ ပို့ဆောင်ဖို့အတွက် လုံခြုံရေးအနေနဲ့ တပ်စွဲထားတာဖြစ်မယ်လို့ ဒေသခံတွေကပြောပြီး အခုလို တပ်စွဲထားတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024