
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ပိုင်း ချောင်းမကြီးရွာနားမှာ ဇွန် ၂၇ ရက်က စစ်ကောင်စီစခန်းတခုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ယောက် အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းတွေလည်းရခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၂၄ ရက်နေ့က ဧရာဝတီမြစ်ကမ်းအနီး ချောင်းမကြီးရွာနားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး အင်အားမမျှလို့ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ရှေ့တန်းကင်ပုန်းဝပ်တဲ့စခန်းတချို့ နောက်ဆုတ် ပေးလိုက်ရပြီးနောက် ၂၇ ရက်နေ့မှာ ပြန်တိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နီးစပ်သူတယောက်က “မနေ့က ဇွန် ၂၇ ရက်နေ့ မနက်ပိုင်း ၈ နာရီအချိန်မှာ ချောင်းမကြီးရွာ စစ်ကောင်စီအထိုင်စခန်းကို ကျနော်တို့ဘက်က အလစ်ဝင်တိုက်ခဲ့သေးတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီစစ်သား ၄ ဦးအရှင်ဖမ်းမိတယ်။ နောက်ပြီး G3 ကျည် အတောင့် ၁၇၀၊ 5.56 ကျည် ၉၆ တောင့်၊ စစ်ဦးထုပ် ၅ လုံး၊ အီကွေ့မန့် ၇ စုံ၊ G3 သေနတ် ၄ လက်နဲ့ MA1 သေနတ် ၂ လက်ရရှိခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကိုင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင် ၃ ကြောင်းထိုးပြီး ရွာစဉ်လှည့်မီးရှို့နေသလို ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့လည်း သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က “စစ်ကိုင်းမြို့အနောက်ဘက် ၂ မိုင်အကွာ ကြွယ်လူးရွာဘက်မှာ ရှိတဲ့စစ်ကြောင်းက ဇွန် ၂၆ ရက်နေ့က တဲကြီးရွာအနီးတိုက်ပွဲဖြစ်ပြီး အနီးအနားက စစ်ဘေးရှောင်အရပ်သား ၈ ဦးကိုသတ်ဖြတ်ပြီး တူမီးသေနတ်တွေဘေးချပြီး PDF အလောင်းတွေနဲ့ သေနတ် ၁၃ လက်ရခဲ့တယ်လို့ စစ်တပ်ထောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာ ဝါဒဖြန့်တာတွေလည်း တွေ့ရတယ်။ ရွာတွေမီးရှို့တာတွေလည်းလုပ်တယ်ဗျ။ နောက်ထပ် စစ်ကြောင်းက စစ်ကိုင်းမြို့မြောက်ဘက် အုန်းတောရွာနဲ့ ကျော်ဇေယျကြား၊ စစ်ကိုင်း- ရွှေဘို ကားလမ်းမကြီးပေါ်မှာ တကြောင်း၊ စစ်ကိုင်းမြို့မြောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးမှာ တကြောင်း စုစုပေါင်း စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေတာဗျ” လို့ ပြောပါတယ်။
စစ်ကိုင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတာ ၂၁ ရက်လောက် ကြာလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာ လက်နက်ခဲယမ်းတွေ လိုအပ်လာတယ်လို့လည်း သိရပါတယ်။
စစ်ကြောင်းထိုးတာနဲ့ တိုက်ပွဲတွေကြောင့် အနီးအနားက ဒေသခံပြည်သူတွေဟာလည်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပါတယ်။