
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် အမှတ် ၆ ရပ်ကွက်မှာ ပြည်သူ့စစ်အချင်းချင်း ရန်ဖြစ်ပြီး ဓားနဲ့အထိုးခံရတဲ့ ပြည်သူ့စစ်တယောက် အရေးပေါ်ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၂၅ ရက် ည ၁၀ နာရီလောက်က အမှတ် ၆ ရပ်ကွက်မှာ စစ်ကောင်စီရဲ့ပြည်သူ့စစ် အောင်လွင် ဆိုတဲ့ တယောက်နဲ့ တခြားပြည်သူ့စစ် ၉ ယောက်တို့ စကားများရန်ဖြစ်ကြပြီး အောင်လွင် ကို ဝိုင်းဝန်းရိုက်နှက်ကြပြီး ဓားနဲ့ထိုးခဲ့တာလို့ ဆိုပါတယ်။
နီးစပ်သူဒေသခံတယောက်က “အောင်လွင်ဆိုသူက ဝိုင်းဖွဲ့ရိုက်နှက်ခံရတာ။ ဓားနဲ့ပါအထိုး ခံရတာ။ ရတဲ့ဒဏ်ရာတွေနဲ့ အခုအခြေအနေမကောင်းလို့ မအူပင်ပြည်သူ့ဆေးရုံကနေ ရန်ကုန်ဆေးရုံကိုလွှဲလိုက်ရပြီ။ မိန်းကလေးကိစ္စနဲ့ ဖြစ်တယ်လို့ပြောတယ်” လို့ ပြောပါတယ်။
အမှတ် ၆ ရပ်ကွက်မှာ နေထိုင်ကြတဲ့ ပြည်သူ့စစ် ဗိုလ်ချစ်၊ သန်းစိုး၊ ဖိုးငို(ခ)ဇော်မင်းအောင်၊ ရာဇာမင်း၊ စိန်ကုလား၊ ဝင်းဦး၊ နိုင်လင်း၊ ဗောဓိ နဲ့ အောင်ကိုမင်းတို့က ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က “၉ ယောက် တယောက် ဝိုင်းလုပ်ကြတာ။ အဆိုးဆုံးက ရာဇာမင်းလို့ ပြောတယ်။ ရဲတွေ၊ စစ်သားတွေ အရေးယူတာ မတွေ့ရဘူး။ ခံရတဲ့ကောင်ကတော့ မနေ့ညက မအူပင်ဆေးရုံကနေ ရန်ကုန်ဆေးရုံကို လွှဲလိုက်တာ” လို့ ပြောပါတယ်။
အခုလို အချင်းချင်းခိုက်ရန်ဖြစ်ပြီး ဓားနဲ့ထိုးခဲ့တဲ့ ပြည်သူ့စစ် ၉ ယောက်အဖွဲ့ဟာ စစ်ကောင်စီက အသစ် ပြန်လည်ဖွဲ့စည်းပေးထားတဲ့ ရဲဝန်ထမ်းဟောင်းနဲ့ အုပ်ချုပ်ရေးမှူး မိသားစုတွေပါတဲ့ ပြည်သူ့စစ်အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။