DVB Logo
Home
မြန်မာသတင်း
ငလျင် ၃ လပြည့်သော်လည်း အကူအညီများစွာလိုအပ်နေဆဲ
DVB
·
June 29, 2025
ငလျင် ၃ လပြည့်သော်လည်း အကူအညီများစွာလိုအပ်နေဆဲ
1 / 5
Donate to DVB

လူပေါင်းထောင်ချီသေဆုံးခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တာ ၃ လပြည့်သွားပေမယ့် မန္တလေးမြို့မှာ ငလျင်ဒဏ်သင့်အဆောက်အအုံတွေ ဖြိုဖျက်လို့မပြီးသေးသလို စစ်ကိုင်းတိုင်းမှာတော့ အကူအညီတွေ အများကြီးလိုအပ်နေတုန်းဖြစ်ပါတယ်။

အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ငလျင်ကြီးရဲ့ဒဏ်ကြောင့် ထိခိုက်သေဆုံးတာများခဲ့တဲ့  မန္တလေးမြို့မှာ ပြန်လည်ထူထောင်ရေးကို ၃၀ ရာခိုင်နှုန်းကျော်လောက်ပဲ လုပ်နိုင်သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မန္တလေး ဒေသခံ လူငယ်တယောက်က “၃ လအကြာမှာတော့ ပြန်လည်ထူထောင်ရေးဆိုရင် ၃၅၊ ၄၀ ရာခိုင်နှုန်းလောက်ပဲ တွေ့ရတယ်။ ဒါတောင်မှ အစိုးရဌာနမဟုတ်တဲ့ တခြားသော အရပ်ဘက် အဖွဲ့အစည်းတွေကလုပ်နေတဲ့ ထူထောင်ရေးမျိုးပါပေါ့နော်။ အဓိကကတော့ အစိုးရအနေနဲ့ဆိုရင် camp တွေ မရှိတော့ဘူး။ camp တွေ ဖြုတ်ထုတ်လိုက်တာတွေ ရှိတယ်။ အဲဒီလူတွေက တခြားနေရာတွေမှာ သွားရောက်နေထိုင်ရတာတွေ ရှိတယ်ပေါ့နော်။ တချို့သော လုပ်ငန်းစဉ်တွေဆိုရင်လည်း ဖြိုဖျက်‌တုန်းလုပ်ငန်းစဉ်တွေ မပြီးသေးတာတွေလည်း အများကြီး ရှိသေးတယ်။ မဖြိုရသေးတဲ့ လုပ်ငန်းစဉ်တွေ အများကြီး ရှိတာကိုတော့ တွေ့ရတယ်” လို့ ပြောပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့နောက်ထပ် ဒေသတခုဖြစ်တဲ့  စစ်ကိုင်းတိုင်းမှာ ဆိုရင်လည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ဆင်ရေးဒဏ်တွေကို ထိခိုက်ခံစားခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုဝင် ကိုရွှေဝင်းအောင်က “ငလျင်ကိစ္စမှာ စစ်ကောင်စီရဲ့ ပယောဂကြောင့် သေဆုံးခဲ့ရပုံကိုလည်း ပြောပြချင်ပါသေးတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေက လေယာဉ်သံကြားတာနဲ့ စိတ်ဒဏ်ရာရနေပြီးသား ဖြစ်ပါတယ်။ ငလျင်လှုပ်တဲ့အချိန်မှာ သူတို့ထင်မိ၊ တွေးမိတာက ငလျင်လို့မထင်ဘဲ လေယာဉ်လာတယ်ထင်ပြီး ပုန်းခိုတာ၊ အကာအကွယ်ယူတာတွေလုပ်မိပြီး လူမမယ် ကလေးငယ်နဲ့ ဖခင်တဦး သစ်ပင်ပိလို့ သေဆုံးခဲ့ရတာဖြစ်ခဲ့ရပါတယ်။ ဒါဘာကို ပြနေသလဲဆိုတော့ စစ်ကောင်စီရဲ့ ပယောဂကြောင့် မသေသင့်တဲ့ ပြည်သူတွေ သေဆုံးခဲ့ရတာပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ငလျင်ဒဏ်ခံရတဲ့ စစ်ကိုင်းမြို့ကဒေသခံတွေအပြင် တော်လှန်ရေးနယ်မြေတွေက စစ်ဘေးရှောင် ဒေသခံတွေဟာ အကူအညီတွေအများကြီးလိုအပ်နေပြီး လက်ရှိမိုးတွင်းကာလမှာ  ပိုပြီး ဒုက္ခရောက်လို့ တတ်နိုင်သမျှကူညီပေးကြဖို့လည်း သူက ဆိုပါတယ်။

ငလျင်ဒဏ်ကို ထိခိုက်ခံစားခဲ့ရတဲ့ အင်းလေးဒေသမှာဆိုရင်လည်း ပြိုပျက်သွားတဲ့ အိမ်တွေ လက်ရှိအချိန်ထိ ပြန်လည်ဆောက်လုပ်လို့ မပြီးသေးသလို ဒီဇွန်လထဲမှာပဲ မိုးများပြီး ရေတွေ တက်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်ပူပန်ခဲ့ကြရပါသေးတယ်။

ငလျင်ဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်ခဲ့ရသလို လက်ရှိကုန်ဈေးနှုန်းကြောင့် နေအိမ်ဆုံးရှုံးသွားခဲ့သူတွေဟာ ပြန်မဆောက်နိုင်ကြဘူးလို့ ငလျင်ဘေးဒဏ်ခံခဲ့ရသူတွေက ပြောပါတယ်။

မန္တလေးဒေသခံတယောက်က “အကုန်လုံးက ကိုယ့်အားကိုယ်ကိုးနေရတယ်ဆိုတော့၊ ရှေ့လျှောက်လည်း ကိုယ့်အားကိုယ်ကိုးနေရတယ်။ ကျန်တဲ့ဟာက ဘယ်သူ့မှလည်း အားကိုးလို့ မရဘူး၊ ဘယ်ကမှလည်း လာကူမှာ မဟုတ်ဘူး၊ ဒီလိုပဲ ဒုက္ခခံပြီးတော့ ကိုယ့်အနာဂတ် ကိုယ်တည်ဆောက်ပြီးတော့၊ အနာဂတ်လည်း မရှိတော့ဘူး။ ဘာကို မျှော်လင့်လို့ မျှော်လင့်ရမှန်းလဲ မသိဘူး။ အိမ်ဆောက်ဖို့လည်း ကုန်ဈေးနှုန်းကြီး၊ လိုအပ်တဲ့ ပစ္စည်းတွေ မရ၊ ငလျင်က ဆက်တိုက်လှုပ်၊ အခြေအနေတွေက စီးပွားရေးကြပ်တည်းတာတွေရော၊ ကုန်ဈေးနှုန်းကြီးတာတွေရော၊ နိုင်ငံရေး မတည်ငြိမ်တာရော ဆိုတော့ တော်တော်ဆိုးတဲ့အခြေအနေပါ။ ပြောပြလို့ကို ပြောမပြတတ်အောင်ပဲ။ တော်တော် အနာဂတ်ပျောက်သွားတယ်” လို့ ပြောပါတယ်။

DVB Data Team ရဲ့ ဇွန် ၂၄ ရက်အထိ ကောက်ယူစုဆောင်းထားတဲ့ အချက်အလက်တွေအရ စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်သေဆုံးသူ ၄,၅၂၀ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူက ၁၁,၃၆၆ ယောက်ရှိပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇွန် ၂၇ ရက်က ထွက်ရှိတဲ့ အစီရင်ခံစာအရ ငလျင်လှုပ်ခတ်ခဲ့ပြီး ၃ လအကြာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက မန္တလေးနဲ့ စစ်ကိုင်းက ငလျင်ဘေးဒဏ်သင့်ပြည်သူ ၅ သိန်းကျော်ကို ကူညီထောက်ပံ့မှုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေ ဆက်တိုက်ဆိုသလိုပေးနေပေမယ့် လူထုရောက်တာနည်းတယ်လို့ ငလျင်သင့်ပြည်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဝေဖန်ပါတယ်။

ငလျင်သင့်ပြည်သူတွေကတော့ သဘာဝအန္တာရာယ်ဆိုးရဲ့နောက်ဆက်တွဲဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာကုစားမှုတွေအတွက် ငလျင်ဘေး ၃ လပြည့်တိုင်အောင် ရုန်းကန်နေရဆဲဖြစ်ပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013