
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းက ထားဝယ်၊ သရက်ချောင်းနဲ့ လောင်းလုံးမြို့နယ်တွေမှာ စက်တင်ဘာ ၂၇ ရက်ကစပြီး မကြုံစဖူး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေလွှမ်းမိုးမှုနဲ့ တောင်ပြို၊ မြေပြိုမှုတွေဆိုးရွားစွာဖြစ်ခဲ့လို့ ကယ်ဆယ်ရေးအကူအညီတွေလိုအပ်နေတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက စက်တင်ဘာ ၂၉ က ထုတ်ပြန် ပါတယ်။
လက်ရှိမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒေသတွင်း အဖွဲ့အစည်းအနည်းငယ်နဲ့ ဒေသခံတွေ က ကိုယ်ထူကိုယ်ထသာ လုပ်ဆောင်နေရလို့ ဝန်နဲ့အား မမျှမတ ဖြစ်နေလို့ နိုင်ငံတဝန်းက ပရဟိတ အဖွဲ့တွေကို အကူအညီတောင်းခံလိုက်တာပါ။
လက်ရှိမှာရေဘေးကြောင့် သေဆုံးသူ ၁၇ ယောက်ထက်မနည်းရှိလာကာ ပျောက်ဆုံးနေသူ ရာချီရှိနေတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ သဘာဝဘေးဒဏ်ကြောင့် နေအိမ် ထောင်နဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ သောက်သုံးရေနဲ့ အရေးပေါ်စားနပ်ရိက္ခာတွေလည်းလိုအပ်နေတယ်လို့ သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။
ဒါ့အပြင်စစ်အာဏာရှင်တပ်တွေအနေနဲ့ လာရောက်ကူညီတဲ့ ပရဟိတအဖွဲ့တွေကို ဟန့်တား ပိတ်ပင်ခြင်းမပြုဘဲ လွတ်လပ်စွာ ကူညီခွင့်ပြုဖို့ကိုလည်း တောင်းဆိုထားပါတယ်။










