
စစ်ကိုင်းတိုင်းက ရေဘေးသင့်ခဲ့တဲ့ ကျေးရွာတွေမှာ ရေပြန်ကျသွားပေမဲ့ ပြန်လည်ထူထောင်ရေး အတွက် လိုအပ်ချက်တွေ များနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့နယ်တွေမှာ ဇူလိုင်လလယ်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ စစ်ကိုင်းတိုင်းကို ဖြတ်ပြီးစီးဆင်းနေတဲ့ မူးမြစ်ရေလျှံခဲ့ပါတယ်။
ဒါ့ကြောင့် စစ်အာဏာရှင်တပ် ထိန်းချုပ်တဲ့ဒေသက သဖန်းဆိပ်ဆည်ကို ပြည်သူတွေကို သတင်းကြိုမပေးဘဲ ရေဖွင့်ချတာကြောင့် ဩဂုတ် ၆ ရက်ကစလို့ စစ်ကိုင်းတိုင်းအောက်ပိုင်းက မြို့နယ်အတော်များများမှာ ရေကြီးရေလျှံမှုတွေ ကြုံခဲ့ကြရတာပါ။
ရေကြီးရေလျှံမှုကြောင့် စစ်ကိုင်းတိုင်း အောက်ပိုင်းက ကောလင်း၊ ကန့်ဘလူ၊ ခင်ဦး၊ တန့်ဆည်၊ ကျွန်းလှ၊ ဒီပဲယင်း၊ ရွှေဘို၊ မြောင် စတဲ့မြို့နယ်တွေက ကျေးရွာတွေ ရေဘေးသင့်ခဲ့ပြီး လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ရပါတယ်။
စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ မိုးရွာသွန်းမှု နည်းသွားတာကြောင့် ဩဂုတ် ၁၄ ရက်လောက်တည်းက ရေပြန်ကျနေသွားတဲ့အတွက် တချို့ကျေးရွာတွေမှာတော့ ရေဘေးသင့်ပြည်သူတွေ အိမ်ပြန်နေထိုင် လို့ ရနေပါပြီ။
ဒါပေမဲ့ တပတ်ကျော် ရေနစ်မြုပ်ခဲ့တာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့ပြီး ပြန်လည် ထူထောင်ရေး အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
နေအိမ်အခိုင်အမာနဲ့နေတဲ့ ဒေသခံပြည်သူတွေက အိမ်ပြန်နေထိုင်လို့ ရကြပေမဲ့ စစ်ဘေးရှောင် စခန်းတွေမှာ နေထိုင်တဲ့ ပြည်သူတွေကတော့ စစ်ရှောင်စခန်းတွေ ရေနစ်မြုပ် ပျက်စီးခဲ့တဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
တချို့ကျေးရွာတွေမှာတော့ ရေကြီးရေလျှံမှုရဲ့ နောက်ဆက်တွဲ ဝမ်းရောဂါနဲ့ ယားနာရောဂါတွေ အဖြစ်များလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ရေဘေးသင့် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒီပဲယင်းမြို့နယ်က အုပ်ချုပ်ရေးတာဝန်ရှိသူတယောက်က ပြောပါတယ်။
“ရေပြန်ကျတာ ၂ ရက်လောက်ရှိပြီ၊ ကောင်းကောင်းကျတာပေါ့လေ။ တချို့တဝက်တော့ ကျန်သေးတယ်။ ကုန်းလမ်းမပေါက်သေးတဲ့ ရွာလေးတွေ ကျန်သေးတယ်။ အခုလောလောဆယ် ကျနော် သိသလောက်ကတော့ ၂ ရွာလောက် ကျန်သေးတယ်။ မူးမြစ်ဝှမ်းက ကျနော်သိသလောက် ၂ ရွာလောက် ကျန်သေးတယ်။ မူးမြစ်ဝှမ်းက ၂၇ ရွာ ရှိတာလေ။ အဲ့မှာ ၃၂ ရွာ ရေမြုပ်တာ။ ကျန်တာတွေက တော်တော်ကျသွားပါပြီ။ ပုံမှန်အတိုင်းတော့ ဘယ်ဟာမှာလဲ သူတို့ နွံတွေ ဘာတွေ ရှင်းရ ပြုရတယ်၊ ကူတဲ့လူကလည်း ကူပေါ့လေ။ နောက်ဆက်တွဲ ပြဿနာတွေက ဘာတွေလဲဆိုရင် ဝမ်းရောဂါတွေ ဘာတွေ ရှိတာပေါ့လေ။ နောက်တချက်က စားနပ်ရိက္ခာ အရန်သင့်ဖြစ်အောင် ကူညီပေးရတာပေါ့။”
စစ်ကိုင်းတိုင်းထဲက ရေဘေးသင့်နေတဲ့ မြို့နယ်အများစုမှာ ရေပြန်ကျသွားပေမဲ့ မြောင်မြို့နယ်မှာ တော့ ကျေးရွာ ၂၀ ကျော်က ရေနစ်မြုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောင်မြို့နယ်က မြစ်ရေဝင်ရောက်တာကို အားထားပြီး စိုက်ပျိုးရေးလုပ်ကိုင်ရတဲ့ဒေသဖြစ်တဲ့ အတွက် နှစ်စဉ် ရေဝင်ရောက်မှု ရှိပါတယ်။
ဒါပေမဲ့ ဒီနှစ်မှာတော့ ဇူလိုင်လကုန်ပိုင်းကစပြီး ရေဝင်ရောက်နေတာ ရက်ပေါင်း ၂၀ ကျော် ရှိလာပြီ လို့ မြောင်ဒေသခံတွေက ပြောပါတယ်။
မြောင်ဒေသခံတယောက်က “သူများနယ်ထက် ယှဉ်ရင်တော့ ကိုယ်တွေနယ်က ဒါပေမဲ့ ကိုယ်တွေက နှစ်တိုင်းကြုံရမဲ့ဟာကို သိထားတော့ ပြင်ဆင်မှုကရှိတော့ ဒုက္ခတွေဘာတွေ မကြုံရဘူး။ ဘေးမြို့နယ်တွေကကျတော့ သူတို့က ပုံမှန်အားဖြင့်ဆိုရင် ရေဝင်တဲ့ အရပ်ဒေသတွေ မဟုတ်ဘူး။ ရေကြီးတာတွေ ရေဝင်လေ့ဝင်ထတွေ မရှိတဲ့အခါကျတော့ သူတို့ဆီမှာ ရုတ်တရက် ဆည်ရေဖောက်ချလိုက်တဲ့အခါကျတော့ ရေကြီးသွားတယ်။ အဲဒါကျတော့ သူတို့ဘက်မှာ ဒုက္ခဖြစ်သွားပြီ။ သူတို့က ရေနဲ့ အကျွမ်းတဝင်မရှိတဲ့ အခြေအနေမျိုးမှာ ရေကြီးတာကြောင့် သွားရေးလာရေး ဒုက္ခရောက်ကြတာပေါ့” လို့ ပြောပါတယ်။
ရေဘေးသင့်ခဲ့တဲ့ ကျေးရွာတွေက စိုက်ပျိုးမြေတွေလည်း ရေနစ်မြုပ် ပျက်စီးခဲ့တဲ့အတွက် ပြည်သူတွေမှာ လက်ရှိ နေထိုင်ရေးအပြင် တနှစ်စာ စားဝတ်နေရေးအတွက်ပါ စိုးရိမ်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
လက်ရှိ ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ သီးနှံ့မျိုးစေ့တွေကို ထောက်ပံ့ပေးဖို့ စီစဉ်နေတဲ့အကြောင်း အကူအညီပေးနေသူတယောက်က ပြောပြပါတယ်။
“လောလောဆယ်မှာတော့ ကျနော်တို့ စားသောက်ကုန်၊ ကုန်ခြောက်တို့ ဆေးဝါးကူညီပေးတာတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဦးစားပေး လုပ်ဆောင်နေပါတယ်။ စဉ်းစားထားတာက သူတို့က မြေယာတွေ မြုပ်တယ်ပေါ့၊ ပြီးတော့ စပါးတွေမြုပ်တယ်၊ ပျိုးထောင်ကာစဖြစ်တယ်၊ အဲဒီအခြေအနေမှာ ရေကြီးလာတော့ မြုပ်သွားတယ်။ အဲ့တော့ ကျနော်တို့ စပါးမျိုးစေ့တွေ ပြန်ပေးဖို့ရှိတယ်။ ပြီးရင် အိမ်သာတွေ ရေတွင်းတွေ တူးဖော်ပေးဖို့ ပြန်လည်ထူထောင်ရေးမှာ ကနဦး စဉ်းစားချက်တွေ ရှိပါတယ်။”
ရေကြီးမှုကြောင့် စစ်ကိုင်းတိုင်းထဲက ကျေးရွာပေါင်း ၁၄၆ ရွာ ရေနစ်မြုပ်ခဲ့ပြီး လူ ၂ သိန်းခွဲနီးပါး ရေဘေးဒဏ်ကို ခံစားခဲ့ကြရပါတယ်။
သီရိ











