
ဥရောပကော်မရှင်ဟာ တနင်္လာနေ့မှာ ကာကွယ်ရေးစနစ်အသစ်တွေ ဝယ်ဖို့ ယူကရိန်းအတွက် ငွေကြေးအကူအညီ ယူရို ၆ ဒသမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၂ ဘီလီယံ) ကို အတည်ပြုခဲ့ပါတယ်။
ဒီအကူအညီကို လေကြောင်းကာကွယ်ရေးစနစ်တွေ၊ ဒုံးကျည်တွေ၊ ကျည်ဆန်တွေနဲ့ ရေဒါတွေ အပါအဝင် ကာကွယ်ရေးစနစ်အသစ်တွေ ဝယ်ဖို့ သုံးသွားမှာပါ။
ယူကရိန်းသမ္မတ ဇလန်းစကီးက ယူကရိန်းဟာ စစ်မှန်တဲ့ လုံခြုံရေးအာမခံချက်တွေကို ရဖို့ကြိုးစားရာမှာ နေတိုးအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခြင်းကလွဲလို့ တခြားရွေးချယ်စရာတွေကို ကြိုးစားမှာမဟုတ်ဘူးလို့ တနင်္ဂနွေနေ့က ပြောပါတယ်။
ကိယက်ဗ်မြို့တော်မှာ မီဒီယာကိုယ်စားလှယ်တွေနဲ့ တွေ့ချိန်မှာ ဇလန်းစကီးက နေတိုးအဖွဲ့ဝင်ဖြစ်ခြင်းဟာ ယူကရိန်းအတွက် ရန်ပုံငွေနဲ့ လက်နက်ပူးပေါင်းဆောင်ရွက်မှုအရ အခွင့်အလမ်းတွေ ဖွင့်ပေးလိမ့်မယ်လို့ ပြောပါတယ်။
ယူကရိန်းအစိုးရဟာ ဘဏ္ဍာရေးလိုငွေကို ကာမိစေဖို့ အခုနှစ်မှာ ဥရောပသမဂ္ဂ (EU) ဆီကနေ ချေးငွေ ယူရို ၃၀ ဘီလီယံ လိုအပ်နေဆဲဖြစ်ပြီး ကာကွယ်ရေးဘတ်ဂျက်မှာ အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံ လိုငွေပြနေတာကိုလည်း ရင်ဆိုင်နေရတယ်လို့ ဇလန်းစကီးက ပြောပါတယ်။
Source: Reuters











