အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့နူဆာတင်ဂါရာပြည်နယ်မှာ ပြင်းအား ပမာဏ ၇ ဒသမ ၇ ရှိတဲ့ အားပြင်းငလျင် လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၇၀ သေဆုံးပြီး ထောင်ပေါင်းများစွာ အိမ်ခြေမဲ့ဖြစ်ခဲ့ရအပြီးမှာ ဩဂုတ် ၁၈ ရက်မှာတော့ အာဏာပိုင်တွေဟာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်နေကြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက ထိခိုက်ပျက်စီးသွားတဲ့ ဧရိယာတွေမှာ ဆက်လက်ရှာဖွေနေပြီး အကူအညီ ပေးဝေရေးကို တိုးချဲ့လုပ်ဆောင်နေချိန်မှာပဲ သေဆုံးသူအရေအတွက်ဟာ ၇၀ အထိ မြင့်တက်လာခဲ့တာလို့ မော်မဲရေးမြို့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ ဖာသရာ ရာမန်က ပြောပါတယ်။
ဒေသခံတွေဟာ နောက်ဆက်တွဲငလျင်တွေ ထပ်လှုပ်မှာကို စိုးရိမ်တာကြောင့် အပြင်ဘက်မှာပဲ ခိုလှုံနေထိုင်ကြရတာပါ။
အဲဒီအချိန်မှာပဲ သမ္မတက ပေးပို့တဲ့ စားနပ်ရိက္ခာ ထောက်ပံ့ရေးအထုပ် ၅၀,၀၀၀ ထဲက အထုပ်ပေါင်း ၈,၀၀၀ နီးပါး အပါအဝင် ဂျကာတာက ပေးပို့တဲ့ ဒုက္ခသည်စခန်းသုံး တဲကြီးတွေ၊ မိသားစုသုံး တဲတွေနဲ့ အရေးပေါ် ပစ္စည်းအထောက်အပံ့တွေဟာ အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့ ဒေသတချို့ဆီ စတင် ရောက်ရှိလာပြီး လက်တွေ့ ဖြန့်ဝေပေးနေပြီလို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီ (BNPB) တာဝန်ရှိသူ မိုဟာမက် လူသ်ဖီ ဘေးတားက ဆိုပါတယ်။
အရှေ့နူဆာတင်ဂါရာပြည်နယ် အစိုးရက အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်ကြောင်း အင်ဒိုနီးရှား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီက ပြောကြားပြီး ဒီလိုထုတ်ပြန်လိုက်တာကြောင့် အာဏာပိုင်တွေအနေနဲ့ ရင်းမြစ်တွေနဲ့ ရန်ပုံငွေတွေကို လျှင်မြန်စွာ ထုတ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Source: Reuters











