
ပါကစ္စတန်မြောက်ပိုင်းရှိ မြစ်တစင်းမှာ ရေကြီးရေလျှံမှုကြောင့် ကလေးတွေ မျောပါသွားလို့ ဆွေမျိုးတွေက ရေထဲခုန်ချပြီး ကယ်ဆယ်ဖို့ ကြိုးစားခဲ့ရင်း ဇွန် ၂၇ ရက်မှာ လူ ၉ ယောက် ထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဆွက်ထ် မြစ်ဘေးမှာ ပျော်ပွဲစားထွက်ပြီး မိသားစုမနက်စာ စားနေကြချိန် ကလေးတွေကလည်း ရေထဲမှာ ဓာတ်ပုံရိုက်နေကြတုန်း ရုတ်တရက် ရေကြီးရေလျှံ တက်လာတာလို့ ခရိုင်အုပ်ချုပ်ရေးမှူး ရှယ်ဇတ်မာဟ်ဘူးဘ်က ပြောပါတယ်။
ဆွေမျိုးတွေ အမြန်ခုန်ဆင်း ကယ်ဆယ်ခဲ့ကြပေမဲ့ မုတ်သုံမိုးကြောင့် ပြင်းထန်တဲ့ ရေကြီးမှုထဲ ပါသွားကြတာလို့လည်း ဆိုပါတယ်။
ကလေး ဘယ်နှယောက်၊ လူကြီး ဘယ်နှယောက် သေဆုံးခဲ့တယ်ဆိုတာကို ပြောဖို့ စောလွန်းနေသေးတယ်လို့ မာဟ်ဘူးဘ်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပြီး အလောင်း ၉ လောင်းကိုတော့ ဆယ်ယူရရှိထားတယ်လို့ ဆိုပါတယ်။
အဲဒီမိသားစုဟာ ဆွတ်တောင်ကြားကို လာရောက်ကြတဲ့ ပါကစ္စတန်မှ ခရီးသွားတွေ ဖြစ်ကြတယ်လို့လည်း ဒေသရဲ့မြို့တော်ဝန် ရှာဟစ်ဒ် အလီခန်းက ပြောပါတယ်။
ဒေသခံတွေနဲ့ ကယ်ဆယ်ရေးလုပ်သား ၈၀ ကျော်တို့ဟာ အသက်ရှင်ကျန်သူတွေကို ရှာဖွေနေကြကြောင်း ကယ်ဆယ်ရေးအရာရှိ ရှားဖှာဟဒ်က ပြောပါတယ်။
နောက်ပိုင်းမှာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ရေကြီးရေလျှံမှုတွေ မြင့်မားနေတာကြောင့် ပြည်သူတွေ သတိထားကြဖို့ သတိပေးထားပါတယ်။
၀န်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်ဖှ်က “ခရီးသွားတွေ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့တယ်”လို့ ၀န်ကြီးချုပ်ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နှစ်စဉ်နှစ်တိုင်း နွေရာသီ ခရီးသွားရာသီအတွင်း ပါကစ္စတန်ရဲ့ တခြားဒေသတွေမှ ခရီးသွားတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ သောင်းနဲ့ချီပြီးနိုင်ငံမြောက်ပိုင်းမှ တောင်ထိပ်တွေနဲ့ ရေခဲမြစ်တွေဆီကို လာရောက်လည်ပတ်ကြတာ ဖြစ်ပါတယ်။
Source: Reuters