
ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက ပြုပြင်ပြောင်းလဲထားတဲ့ ကလပ်ကမ္ဘာ့ဖလားပွဲ ဝင်ရောက်ယှဉ်ပြိုင် ကစားခြင်းထက် အနားယူဖို့ကို ဦးစားပေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။
ရော်နယ်ဒိုက ဇွန် ၂၈ ရက်က အယ်လ်နာဆာအသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားကြောင်း ထုတ်ဖော်ပြောဆိုချိန်မှာ ပြောကြားခဲ့တာပါ။
ဆော်ဒီအာရေဗျ ပရိုလိဂ်အသင်း အယ်လ်နာဆာဟာ ရော်နယ်ဒိုနဲ့ ၂ နှစ်စာချုပ် သက်တမ်းတိုးလိုက်ကြောင်း ကြေညာခဲ့ပြီး အဲ့ဒီစာချုပ်က သူ့အသက် ၄၂ နှစ်ပြည့်တဲ့ အချိန်ထိ အသင်းမှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။
FIFA ဥက္ကဋ္ဌ အင်ဖက်တီနိုက အယ်လ်နာဆာအသင်းဟာ ကလပ်ကမ္ဘာ့ဖလား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ အရည်အးချင်း မပြည့်မီပေမဲ့ ရော်နယ်ဒို ပါဝင်ကစားခွင့်ရအောင် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ရော်နယ်ဒိုက ကလပ်ကမ္ဘာ့ဖလားပွဲမှာ ပါဝင်ကစားတာထက် အနားယူပြီး ရာသီအသစ်အတွက် အသင့်ဖြစ်ဖို့ ပြင်ဆင်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
"ကျနော် အယ်လ်နာဆာအတွက်သာမက နိုင်ငံအသင်းအတွက်ပါ အသင့်ဖြစ်ချင်တယ်။ ဒါကြောင့်ပဲ နေရှင်းလိဂ်မှာ နောက်ဆုံးပွဲကို ကစားဖို့ဆုံးဖြတ်ခဲ့ပြီး တခြားအရာတွေအပေါ် အာရုံမစိုက်ခဲ့ဘူး" လို့ ထပ်မံပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုက အယ်နာဆာအသင်းကို နိုင်ငံတကာအဆင့် ထိပ်တန်းအထိ အောင်မြင်မှုတခု ရဖို့ ရည်မှန်းထားတယ်လို့လည်း ပြောကြားထားပါတယ်။