
မြန်မာ-တရုတ် နယ်စပ်၊ ရွှေလီမြို့က ဟောက်ဝ်ကဲ့ ဆိုတဲ့ အထည်စက်ရုံကနေ ထွက်ပြေးဖို့ကြိုးစားတဲ့ မြန်မာအမျိုးသမီး ၂ ယောက်ကို စက်ရုံမှူးက ရိုက်နှက်တာနဲ့ပတ်သက်လို့ တရုတ်ရဲတပ်ဖွဲ့နဲ့ မြန်မာလုပ်သားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။
အထည်စက်ရုံ လုပ်ငန်းရှင်နဲ့နီးစပ်သူတယောက်က “ကောင်မလေးနှစ်ယောက်က အကြွေးက မကြေသေးဘူး၊ ထွက်ပြေးတယ်လေ။ တခြားစက်ရုံပြောင်းဖို့ ထွက်ပြေးတာ၊ ပြန်ဖမ်းမိလာတော့ အဲဒီကောင်မလေးရဲ့ ရည်းစားလား၊ အကိုလားက အကြွေးတော့လာလျော်ပြီးပြီပေါ့။ လျော်ပြီးတော့ ထွက်မယ်လို့ပြောတယ်လေ” လို့ ပြောပါတယ်။
ရိုက်နှက်ခံရတဲ့ အလုပ်သမားနှစ်ယောက်က အလုပ်မလုပ်နိုင်တော့ကြောင်းပြောလို့ စက်ရုံဘက်က မြန်မာဘက်ပြန်ပို့ဖို့ စီစဉ်ရာမှာလည်း ဖုန်း၊ မှတ်ပုံတင်၊ ပိုက်ဆံ၊ အဝတ်အစားအိတ်တွေ ဘာမှမပေးဘူးလို့ စက်ရုံလုပ်သားတယောက်က ပြောပါတယ်။
ဒါ့အပြင် အလုပ်သမားတယောက်အား အေးဂျင့်ဆီကိုမဟုတ်ဘဲ တရုတ်အမျိုးသားတယောက်ရဲ့ ကားထဲကို အတင်းတင်ကြောင်း၊ စုံစမ်းကြည့်ရာမှာ ရောင်းစားမယ်ဆိုပြီး သိရကြောင်း၊ မိန်းကလေးက ကားပေါ်ကနေ ခုန်ဆင်းဖို့လုပ်တာမှာ သူဌေးက ခြေထောက်နဲ့ကန်ပြီး ကားထဲတွန်းထည့်တာကြောင့် မြန်မာလုပ်သားတွေက ကားပေါ်ကနေ မိန်းကလေးကို ဆွဲချနိုင်ခဲ့ပြီးနောက် ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။
“စက်ရုံထဲမှာ အလုပ်လုပ်နေတဲ့ ယောက်ျားလေးတွေ အကုန်ထွက်လာကြတယ်။ ၁၅ ယောက်လောက် ထွက်လာပြီး အဲဒီ ကားကို ပေးမထွက်ဘူး။ အဲဒီကားက ကားတံခါးပိတ်ပြီး ချက်ချင်း မောင်းပြေးတယ်။ အဲဒါ ယောက်ျားလေး ၁၅ ယောက်လောက်က အဲဒီ မိန်းကလေးကို ပြန်ဆွဲချယူနိုင်ခဲ့တယ်။”
ဒီနောက် ရဲတွေရောက်လာပြီး အလုပ်သမားတွေကို ရိုက်နှက်ခဲ့သလို အလုပ်သမား တချို့ကလည်း ရေသန့်ဘူးတွေ၊ ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်လို့ စက်ရုံလုပ်သားတယောက်က ပြောပါတယ်။
“ဝိုင်းဆန္ဒပြနေချိန် ရဲတွေရောက်လာတယ်။ ရဲတွေက သံချပ်ကာတွေ၊ ကျည်ကာတွေနဲ့ ပြီးတော့ ရိုက်တယ်။ ဒီက အလုပ်သမား တချို့လည်း ပြန်ရိုက်မယ်ဆိုပြီး ရေသန့်ဘူးတွေ၊ ပုလင်းတွေနဲ့ ပစ်ပေါက်ကြတယ်။ အဲလို အပြန်အလှန်ရိုက်ကြတယ်။ သူတို့ ရဲတွေက သံတုတ်တွေ၊ ကျင်စက်တွေနဲ့ လက်ထိတ်ပါ ခတ်ပြီး ရိုက်တာ။ မိန်းကလေးရော၊ ယောက်ျားလေးရော ၁၁ ယောက် ထိခိုက်ဒဏ်ရာရတယ်။ ဆေးရုံရောက်သွားတယ်။”
အလုပ်သမား မိန်းကလေးနှစ်ယောက်ကို ရိုက်နှက်ခဲ့တဲ့ စက်ရုံမှူးက ရဲတွေစစ်မေးချိန်မှာတော့ မရိုက်ကြောင်း ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် ဇွန် ၂၄ ရက်နေ့မှာ မူဆယ်က တာဝန်ရှိသူတွေ ရောက်လာပြီး အမှန်တရားအတိုင်း ဖြေရှင်းပေးသွားမယ်လို့ ပြောဆိုခဲ့ကြောင်း၊ အလုပ်သမားတွေကလည်း မနက် ၈ နာရီကနေ ည ၁၀ နာရီအထိ အလုပ်လုပ်ကြရကြောင်း၊ အခန်းသေးထဲမှာ လူ ၁၂ ယောက်လောက် ကျပ်သိပ်ပြီးနေရကြောင်း ပြန်လည် ပြောကြားခဲ့ကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
တရုတ်ဘက်က အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေဟာ သက်တမ်း ၇ ရက်ရှိတဲ့ ယာယီ နယ်စပ်ဖြတ်ကျော်ခွင့်နဲ့ နယ်စပ်ကနေ ဖြတ်ကျော်လာတာကြောင့် မြန်မာဘက် ပြန်ချင်ရင် မိမိကိုခေါ်ယူတဲ့အေးဂျင့်ကပြန်ခေါ်ပြီး ထောက်ခံချက် အထောက်အထား အပြည့်အစုံနဲ့ နယ်စပ်ဂိတ်အထိ ပြန်လည်ပို့ဆောင်ရတာ ဖြစ်ပါတယ်။