နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုကာလကြာရှည် လျှို့ဝှက် ထိန်းသိမ်းထားပြီး စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်နေတယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့က ဇွန် ၂၈ ရက်မှာ ထုတ်ဖော်ပြောပါတယ်။
MPW ရဲ့ စုံစမ်းမှုအရ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၄ ဧပြီလမှာ အပူချိန် မြင့်မားမှုကို အကြောင်းပြုပြီး နေပြည်တော်အကျဉ်းထောင်ကနေ ၁၄ မိုင်လောက်ဝေးတဲ့ စစ်ဆင်ရေးအထူးအဖွဲ့ ရုံးစိုက်တဲ့နေရာမှာ လုံခြုံရေးတင်းကျပ်စွာနဲ့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
အဲဒီနေရာဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုံးအနီးမှာ တည်ရှိကြောင်း၊ ထိန်းသိမ်းထားတဲ့ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ သွားနာတာ၊ နှလုံးဆိုင်ရာ ကျန်းမာရေးပြဿနာနဲ့ သက်ကြီးရောဂါတွေ ဖြစ်ပွားနေပေမဲ့ လုံလောက်တဲ့ ဆေးဝါးကုသမှုမရဘဲ စစ်တပ်ခန့်ဆရာဝန်တွေနဲ့သာ ဆေးကုသမှုခံနေရတယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) က ထုတ်ပြန်ထားပါတယ်။
မိသားစုနဲ့ တွေ့ဆုံခွင့်မပေးဘဲ အခုလိုချုပ်နှောင်ထားတာဟာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတခုအဖြစ် သတ်မှတ်နိုင်တယ်လို့လည်း MPW က ဆိုပါတယ်။
လက်ရှိမှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ ၄ နှစ်ကျော်ကာလအတွင်း မိသားစုနဲ့တွေ့ဆုံခွင့်မပေးသလို လူမြင်ကွင်းကပါ စစ်အုပ်စုက ဖျောက်ဖျက်ထားခဲ့တာပါ။
၂၀၁၅ ခု လူထုရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရနဲ့ မဲရလဒ်ကိုပယ်ဖျက်ပြီး အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မပေါင်းများစွာတပ် တရားစွဲဆိုပြီး စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်ထဲမှာ တချို့အမှုတွေအပေါ် လျှော့ပေါ့ခဲ့ပေမဲ့ လက်ရှိအချိန်ထိ ထောင်ဒဏ် ၂၇ နှစ်ကျန်ရှိနေပါတယ်။
မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့အနေနဲ့ စစ်အုပ်စုက နိုင်ငံခေါင်းဆောင်တဦးကို မတရားချုပ်နှောင်ထားမှု၊ အကျဉ်းသားအခွင့်အရေးပယ်ဖျက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုအပေါ် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေ လုပ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် ပါဝင်ပတ်သက်သူတွေဖြစ်တဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ လက်ရှိနဲ့ ယခင် ပြည်ထဲရေးဝန်ကြီးတွေ၊ တာဝန်ခံဗိုလ်ချုပ်ကြီးတွေ၊ နေပြည်တော် အကျဉ်းထောင်တာဝန်ရှိသူ အားလုံးကို အရေးယူပေးဖို့လည်း ထုတ်ပြန် တောင်းဆိုထားပါတယ်။