
ရုရှားဟာ ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှု အချီသစ် ကျင်းပဖို့ အဆင်သင့်ရှိ နေကြောင်းနဲ့ ဆွေးနွေးပွဲကို အစ္စတန်ဘူလ်မှာ ပြုလုပ်နိုင်ခြေရှိပြီး အချိန်နဲ့ နေရာကိုတော့ ညှိနှိုင်းလို့ မရသေးဘူးလို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဇွန် ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
အရင်ဆွေးနွေးပွဲတွေမှာ နှစ်ဖက်က တင်ပြကြတဲ့ အဆိုပြုချက်တွေအကြား ကြီးကြီးမားမား ကွဲလွဲချက်တွေ ရှိခဲ့ပေမဲ့ ဆက်လက် ပြုလုပ်မယ့် ဆွေးနွေးပွဲမှာ ကွာဟချက်ကို လျော့နည်း စေမယ်လို့ မျှော်လင့်ကြောင်း ဘယ်လာရုစ်နိုင်ငံ မင့်စ်ခ်မြို့မှာ ဥရောပအာရှ စီးပွားရေးသမဂ္ဂ (EAEU) ကို တက်ရောက်လာတဲ့ ပူတင်က ပြောဆိုပါတယ်။
“အဲဒါတွေက လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ စာချွန်လွှာနှစ်ခုဖြစ်ပေမဲ့ ပိုမိုနီးကပ်လာစေတဲ့ နည်းလမ်းတွေ ရှာဖို့အတွက် ညှိနှိုင်းမှုတွေကို ဆောင်ရွက်ခဲ့ပါတယ်”လို့လည်း ဆိုပါတယ်။
နှစ်ဖက် စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ အဆက်အသွယ်မပြတ် ရှိနေကြောင်းလည်း ပူတင်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ရုရှားဟာ စစ်သုံ့ပန်းတွေကိုလည်း ၂ ဖက် အပြန်အလှန် လဲလှယ်ခဲ့ကြပြီး အဆိုပြုထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဆောင်ရွက်မှုတွေအနေနဲ့ ကျဆုံးသွားတဲ့ စစ်မှုထမ်းတွေရဲ့ အလောင်း တွေကို လွှဲပြောင်းပေးဖို့လည်း အဆိုပြုထားတယ်လို့လည်း ဆိုပါတယ်။
ရုရှားဟာ ယူကရိန်း ကျဆုံးစစ်သားတွေရဲ့ အလောင်းပေါင်း ၆၀၀၀ ကျော် ပြန်ပို့ပေးထားပြီး နောက်ထပ်လည်း ယူကရိန်းစစ်သား ၃ ထောင်ရဲ့ အလောင်းတွေကို ပြန်ပေးဖို့ အဆင်သင့် ဖြစ်နေပြီလို့ သူက ပြောပါတယ်။
သူ့ကျဆုံးစစ်သားတွေရဲ့ ရုပ်အလောင်းတွေကို လက်ခံပေးဖို့က ယူကရိန်းရဲ့ကိစ္စပါ လို့လည်း ဆိုပါတယ်။
ဒီအဆင့်ပြီးသွားရင် တတိယအကြိမ် စေ့စပ်ဆွေးနွေးဖို့ သဘောတူထားကြောင်းနဲ့ တူရကီသမ္မတ အာဒိုဂန်က ဒီလုပ်ငန်းစဉ်ကို ထောက်ခံတဲ့ အနေအထားမှာ ရှိနေတယ်လို့ မျှော်လင့်ကြောင်း ရုရှားသမ္မတ ပူတင်က ပြောဆိုခဲ့ပါတယ်။
Source:Reuters