
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာရှိ စစ်ကောင်စီရဲ့ ပျူစောထီးစခန်းကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၃ ဦးသေဆုံးခဲ့တယ်လို့ ပုလော PDF ဆီက သိရပါတယ်။
ဇွန် ၂၇ ရက်၊ မနက် ၅ နာရီခွဲဝန်းကျင်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကျောက္ကာရွာရှိ အင်အား ၁၀ ဦးလောက်ရှိတဲ့ ပျူစောထီးစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပုလော PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“မနက် ဝေလီဝေလင်းမှာ လျှပ်တပြက် အငိုက်ဖမ်းပြီး ဝင်စီးခဲ့တယ်။ ရန်သူဘက်က တုံ့ပြန်ချိန်တောင် မရလိုက်ဘူး။ နယ်မြေရှင်းလင်းချိန်မှာတော့ အလောင်း ၃ လောင်းတွေ့တယ်” လို့ DVB ကို ပြောပါတယ်။
၁၅ မိနစ်ခန့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရန်သူအလောင်း ၃ လောင်း၊ M16A1 ရိုင်ဖယ် ၄ လက်နဲ့ ကျည်ဘောက် ၂ ခု၊ AK – 47 ရိုင်ဖယ် ၁ လက်နဲ့ ကျည်ဘောက် ၄ ခု၊ ၅.၅၆ ကျည်အတောင့် ၁၀၀၀၊ ၇.၆၂ ကျည် ၁၃၈ တောင့်၊ လက်ပစ်ဗုံး ၂ လုံးနဲ့ တခြားစစ်အသုံးဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ကျောက္ကာရွာပျူစောထီးစခန်းအနီးနားရှိ ပင်လယ်ပြင်ထဲမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၂ စီး အမြဲရှိနေတတ်ပြီး ပျူစောထီးတွေက ရေတပ်နဲ့ပေါင်းကာ တံငါလှေတွေကို စစ်ဆေးတာ ပစ္စည်းတောင်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း ၇ မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။