
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ခြမ်းမှာရှိတဲ့ ပျဉ်းတော်ပျူစောထီးစခန်းကို ဒီနေ့ စက်တင်ဘာ ၂၄ ရက် မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက် လိုက်တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ် စုပေါင်းမဟာမိတ်အဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က ထိခိုက်မှုများပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ DVB ကို ပြောပါတယ်။
အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ဖော်ပြေပြတာမရှိသေးပါဘူး။
ပျဉ်းတော် ပျူစောထီးရွာစခန်းဟာ အရင်ကတည်းက တော်လှန်ရေးအဖွဲ့တွေရဲ့ မကြာ ခဏဝင်တိုက်ခိုက်တာကို ခံခဲ့ရတဲ့စခန်းဖြစ်ပြီး ပျူစောထီးခေါင်းဆောင် ဦးဝါသဝ ဦးဆောင်ပြီးတော့ ပြည်သူ့စစ်တွေကို သင်တန်းပေးရာအခြေစိုက်စခန်းလည်း ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ဝန်းကျင်ကလည်း ကန့်ဘလူနယ်အတွင်းက ပျူစောထီး ကင်းစခန်း တွေကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပျူစောထီး အဖွဲ့ဝင်တွေ ထိခိုက် သေဆုံးတာအပြင် လက်နက်ခဲယမ်းသိမ်းဆည်းရရှိတာတွေလည်း ရှိခဲ့ပါတယ်။
ကန့်ဘလူတောင်ခြမ်းက ပျဉ်းတော်ရွာအပါအဝင် ပျူစောထီးရွာတွေဟာ ပတ်ပတ်လည်မှာရှိတဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ အမြဲမပြတ်ပိတ်ဆို့တိုက်ခိုက်တာ၊ ဒရုန်းတွေနဲ့ ဗုံးသီး ချတိုက်ခိုက်တာတွေကို ခံနေရာတာလို့ သိရပါတယ်။











