
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အရှေ့ခြမ်းက ထန်းတောရွာ၊ ချောင်းသာရွာနဲ့ တောတဲအများစုကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၂၃ ရက် ညနေ ၆ နာရီကျော်လောက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထန်းတောရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ ပြည်သူအများစု နေထိုင်ကြတဲ့ တောတဲတွေကို ၆ နာရီ ၁၄ မိနစ်က တကြိမ်၊ ထန်းတောရွာနဲ့ ချောင်းသာရွာကို ၆ နာရီ ၄၈ မိနစ်နဲ့ ၆ နာရီ မိနစ် ၅၀ မှာ နောက်ထပ် တကြိမ် လေယာဉ်နဲ့ ဗုံးလာကြဲတာလို့ ဒေသခံ ရွာသားတယောက်က ပြောပါတယ်။
အဲလို ဗုံးကြဲချလို့ ဒေါ်ပြား၊ ဒေါ်သူဇာဝင်း၊ ကိုကျော်ဝင်းအောင်နဲ့ ကိုစီတို့ နေရာမှာတင်သေဆုံးခဲ့ရပြီး နွား ၄ ကောင်လည်းသေဆုံးခဲ့ရသလို လူနေအိမ်နဲ့ တောတဲတွေလည်း ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။
ထန်းတောရွာအနီးကို မိတ္ထီလာလေတပ်က တက်လာတဲ့ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲသွားတာဖြစ်ပြီး ချောင်းသာရွာနဲ့ ထန်းတောရွာကိုတော့ မကွေးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ဗုံးကြဲချသွာတာလို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
ကန့်ဘလူအရှေ့ခြမ်း ပကဖ တာဝန်ရှိသူက “ဘာတိုက်ပွဲမှ မရှိပါဘူး။ ထင်ရာပတ်ကြဲ နေတာ။ အခုလို အရပ်သားများနေတဲ့ ကျေးရွာတွေကို လေကြောင်းကနေ ပတ်ကြဲနေတာက ပြည်သူကို အကြောက်တရားသွင်းတာနဲ့ ပြည်သူကို အကြောင်းမဲ့ သတ်ဖြတ်တာလို့ပဲ ပြောရမယ်။ အခုဆိုရင် သေဆုံးသူက ၄ ဦးနဲ့ ဒဏ်ရာရသူက ၅ ဦးရှိတယ်”လို့ ပြောပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်တပ်ထောက်ခံသူ ပျူစောထီးတွေကလည်း စစ်တပ်မထောက်ခံတဲ့ ကျေးရွာတွေကို လက်နက်နဲ့ အနိုင်ကျင့် ပစ္စည်းရိက္ခာလုယူနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက် အရ သိရပါတယ်။











