
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ခြမ်း အင်းလည်ကြီးရွာက ဒေသခံတွေ စစ်ရှောင်ဖို့ ပြင်ဆင်နေချိန် စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၂ ယောက်အပါအဝင် ၄ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်က တံတားဦးဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာ တစင်းနဲ့ လေကြောင်းတိုက်ခိုက်သွားတာဖြစ်ပြီး အမျိုးသမီး ၂ ယောက်နဲ့ ၄ နှစ်အရွယ်နဲ့ ၂ နှစ်အရွယ် ကလေး ၂ ယောက်တို့ သေဆုံးတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “လေကြောင်း ၃ ကြိမ်တိုက်ခိုက်တဲ့အထဲမှာ ပထမတလုံးက ကုန်စုံ ဆိုင်အိမ်ပေါ် တည့်တည့်ကျပြီး အိပ်နေတဲ့ မဇင်မာလှိုင်ရယ်၊ သူ့သားလေးသေသွားတယ်။ အိမ်လည်း မီးလောင်ပျက်စီးသွားတယ်။ ဒုတိယဗုံးက မကွဲဘူး။ နောက်ဆုံး ရော့ကတ်တွေနဲ့ပစ်သွားတာမှာ အမျိုးသမီးတယောက်ရယ်၊ ကလေးတယောက်ရယ် သေဆုံးသွားတာပေါ့” လို့ DVB ကို ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တလုံး မီးလောင်ပျက်စီးခဲ့သလို ကားတစီးနဲ့ ဘေးပတ်ဝန်း ကျင်နေအိမ်တွေလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ အဲဒီလေကြောင်း တိုက်ခိုက်မှုမလုပ်ခင် ၂ ရက်အကြာက လေယာဉ်၊ ဒရုန်းတွေနဲ့ ကင်းထောက်ပြီးနောက် အရပ်သားတွေရှိတဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဒေသခံတွေကတော့ စစ်ရှောင်နေကြတယ် ကြောက်ရလို့။ တိုက်ပွဲဖြစ်တာ မရှိဘူးဗျ။ မဇင်မာလှိုင် ယောက်ျားနဲ့ ကလေးတဦးပဲ အသက်ရှင်ကျန်ခဲ့တယ်။ သူ့ယောက်ျားက လေကြောင်းတိုက်ခိုက်ချိန် တခြားနေရာကို ရောက်နေတာ။ မကွဲသေးတဲ့ ဗုံးနေရာကိုတော့ မသွားကြဖို့ ကန့်သတ်ထားပါတယ်” လို့ ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးမယ့်သတင်းကြောင့် ညောင်ပေါင်ရင်း၊ ညဏ် အင်း၊ ရွာသစ်၊ ရွာမ၊ အင်းလည်ကြီးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ကန့်ဘလူမြို့နယ်မှာ စက်တင်ဘာ ၂၄ ရက်ကလည်း ဇီးကုန်းသကြားစက်အနီးမှာရှိတဲ့ ပျူစောထီး ကင်းဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်သိမ်းပိုက်တာရှိပြီး အဲဒီနေရာဟာလည်း အခု ဗုံးကြဲတိုက်ခိုက်တဲ့နေရာနဲ့ ဝေးတယ်လို့ သိရပါတယ်။










