
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ် နဲ့ ကမ္ဘောဒီးယားနိုင်ငံ အကြီးအကဲ ဟွန်ဆန်တို့ အလွတ်သဘော ပြောဆိုဆွေးနွေးတဲ့ အသံဖိုင် လူမှုကွန်ရက်မှာ ပေါက်ကြားသွားတဲ့နောက် ဝန်ကြီးချုပ် ဖဲထောင်းထန်းမှာ အပြစ်ရှိမရှိ လာမယ့် ဇူလိုင် ၁ ရက်နေ့ အခြေခံဥပဒေတရားရုံးက စစ်ဆေးမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်တွေဟာ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ အချုပ်အခြာအာဏာကို ထိပါးစေပြီး နိုင်ငံတော်အကြီးအကဲ ကျင့်ဝတ်ချိုးဖောက်ရာ ရောက်တယ်၊ ထိုင်းနိုင်ငံရဲ့သိက္ခာ၊ ထိုင်းစစ်တပ်ရဲ့ သိက္ခာကို ကျဆင်းစေတယ်၊ ဒါကြောင့် ဝန်ကြီးချုပ် ဖဲထောင်းထန်း အနေနဲ့ ရာထူးက နုတ်ထွက်ပေးဖို့ ဒါမှမဟုတ် လွှတ်တော်ကိုဖျက်သိမ်းဖို့ အထက်လွှတ်တော် ဥက္ကဋ္ဌ နိုင်းမုံးခုံးဆူရိယ ဆတ်ကျာ ဦးဆောင်တဲ့ အထက်လွှတ်တော်အမတ် ၃၆ ယောက်က ဇွန် ၁၉ ရက်မှာ အခြေခံဥပဒေတရားရုံးကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အခြေခံဥပဒေတရားရုံး ခုံတရားသူကြီးဥက္ကဋ္ဌ နိုင်းနတ်ခလင်း မိတ် တရိုင်းရတ် တိုင်ကြားချက်ပါ အချက်အလက်တွေကို မစစ်ဆေးရသေးပါဘူး၊ တိုင်ကြားချက်ကို လက်ခံမယ် မခံဘူးဆိုတာ လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ ခုံတရားသူကြီးအဖွဲ့က ဆုံးဖြတ်မယ်၊ တိုင်တန်းချက် ဥပဒေပုဒ်မတွေနဲ့ ကိုက်ညီခြင်းရှိမရှိ စစ်ဆေးရဦးမှာ ဖြစ်တယ်၊ ဒီအမှုအတွက် ရင်လေးမိပေမဲ့ တာဝန်ဝတ္တရားရှိတဲ့အတိုင်းတော့ ထမ်းဆောင်ရမယ်လို့ ဇွန် ၂၄ ရက် အစည်းအဝေးတခုမှာ ထည့်သွင်းပြောကြားပါတယ်။
အခြေခံဥပဒေတရားရုံးက အမှုကို လက်ခံလိုက်ပါက တိုင်ကြားခံရသူ ဝန်ကြီးချုပ် ဖဲထောင်းထန်း အနေနဲ့ တာဝန်ဝတ္တရားကနေ ယာယီရပ်စဲခံရဖွယ် ရှိပါတယ်။
ဝန်ကြီးချုပ် ဖဲထောင်းထန်း အပေါ် အရေးယူပေးဖို့ကိစ္စကို တခြားအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တို့ကလည်း ထိုင်းနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးသမားများ ရာဇဝတ်မှုဆိုင်ရာ တရားရုံး စတဲ့ ဌာနတွေကိုလည်း တိုင်တန်းထားတာ ရှိနေပါတယ်။
မေ ၂၈ ရက်က အလွတ်သဘောဆွေးနွေးတဲ့ အသံဖိုင်ထဲမှာ ဝန်ကြီးချုပ် ဖဲထောင်းထန်းက ထိုင်းစစ်တပ် အမှတ် ၂ စစ်တိုင်းမှူးဟာ အစိုးရနဲ့ ဆန့်ကျင်တဲ့ဘက်က ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန် လိုအပ်တာတွေ ဆောင်ရွက်ပေးမယ့်အကြောင်း ပြောဆိုထားတာကြောင့် ထိုင်းနိုင်ငံရေး၊ လူမှုရေးနဲ့ လူထုတွေကြား မကျေမချမ်းတွေ ဖြစ်ပေါ်ခဲ့တာပါ။
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းကတော့ အဆိုပါပြောဆိုမှုတွေဟာ ဆွေးနွေးညှိနှိုင်းရာမှာ အောင်မြင်စေဖို့ ပရိယာယ်သုံးရတာလို့ ပြောပါတယ်။ အဲဒီအတွက် အမှတ် ၂ စစ်တိုင်းမှူးကို ဖုန်းထဲကနေရော လူကိုယ်တိုင်ပါ သွားရောက်တောင်းပန်ခဲ့ပါတယ်။ ထိုင်းပြည်သူအားလုံးကိုလည်း သတင်းစာရှင်းပြီး တောင်းပန်ခဲ့ပါတယ်။
ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်ကတော့ အဲဒီအသံဖိုင်ကို သူက စလွှင့်တာမဟုတ်ဘဲ ရင်းနှီးသူ လူပေါင်း ၈၀ ဆီသာ ဖြန့်ဝေခဲ့တာလို့ ပြောပါတယ်။
အသံဖိုင်ပြဿနာ တက်ပြီးတဲ့နောက် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အရေး ပြေလည်ခြင်းမရှိဘဲ နှစ်ဖက်ဂိတ်တွေ ပိတ်ပင်တဲ့အထိ တင်းမာနေပြီး ဟွန်ဆန်က သက်ဆင်ရဲ့သမီး (ဖဲထောင်းထန်း) ကြောင့် သူ့ဖခင်နဲ့ ခင်မင်ရင်းနှီးမှု ပျက်ပြယ်ခဲ့ရတယ်လို့ ပြောပါတယ်။
ဒီကနေ့ ဇွန် ၂၇ ရက်မှာလည်း လိုက်ဖ်လွှင့်ပြီး ထိုင်းဝန်ကြီးချုပ်ဟာ လာမယ့် ၃ လအတွင်း ပြုတ်ကျဖွယ်ရှိတယ်၊ သူ့အနေနဲ့ လာမယ့်ဝန်ကြီးချုပ်သစ်နဲ့ပဲ ပြောဆိုဆွေးနွေးမယ်၊ သူဟာ ထိုင်းနိုင်ငံပေါ်မှာ အကြွေးမတင်ဘူး၊ သက်ဆင်နဲ့ သူ့ညီမ ယင်လတ်၊ သူ့သမီး ဖဲထောင်းထန်း တို့မှာသာ သူ့ကျေးဇူးတွေ ရှိခဲ့တယ်၊ အခြေအနေကို စောင့်ကြည့်ပြီး သက်ဆင်ရဲ့ ထိုင်းဘုရင်ကြီးပေါ် စော်ကားတဲ့ အသုံးအနှုန်းတွေ၊ နေကောင်းပါလျက် လူမမမာဟန်ဆောင်တဲ့ အကြောင်းတွေ ဖွင့်ဟမယ်လို့ ပြောပါတယ်။
ကမ္ဘောဒီးယားတပ်မတော်မှာ ထိုင်းမြို့တော် ဘန်ကောက်ကို ပစ်ခတ်နိုင်တဲ့အထိ ခေတ်မီလက်နက်ကောင်းတွေ ရှိပေမဲ့ ငြိမ်းချမ်းစွာဆွေးနွေးချင်လို့ မလုပ်သေးဘူး၊ နယ်မြေကျူးကျော်ကိစ္စ ထိုင်းဘက်က မှန်ကန်ရင် ဘာကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ရင်ဆိုင်ရမှာကို တွန့်ဆုတ်နေရသလဲ စသဖြင့် ၃ နာရီကြာ လိုက်ဖ်လွှင့် ပြောကြားသွားပါတယ်။
Source: PPTV HD 36 / Thai PBS