
အမေရိကန်အာဏာပိုင်တွေဟာ တာ့ခ်စန်ကေးကို့စ်ကျွန်းစုရဲ့ တောင်ဘက်မှာ ဟေတီရွှေ့ပြောင်း အခြေချသူ ၂၄၀ ကို တင်ဆောင်လာတဲ့ သစ်သားလှေတစင်းကို တွေ့ရှိခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဇွန် ၄ ရက်မှာ ထုတ်ပြန်ခဲ့ပြီး အဲဒီလှေမှာ အင်ဂျင်တလုံး ပျက်ပြီး ရေတွေဝင်လာနေတာကိုလည်း ပြသ ထားပါတယ်။
အမေရိကန်လေယာဉ်တစင်းဟာ မေ ၃၁ ရက်တုန်းက မြောက်ဘက်ကို ဦးတည်ခုတ်မောင်းနေတဲ့ အလျား ပေ ၅၀ ရှိ အဲဒီဟေတီသစ်သားလှေကို တာ့ခ်စန်ကေးကို့စ်ကျွန်းစုရဲ့ တောင်ဘက် ရေမိုင် ၆၅ မိုင် အကွာမှာ စတင်ထောက်လှမ်း တွေ့ရှိခဲ့တာပါ။
လေယာဉ်အဖွဲ့သားတွေဟာ တာ့ခ်စန်ကေးကို့စ်ကျွန်းစုအာဏာပိုင်တွေနဲ့ ဒေသတွင်း မိတ်ဖက် အဖွဲ့အစည်းတွေကို လှေရှိတဲ့နေရာကို အကြောင်းကြားခဲ့ပြီးတော့ အမေရိကန်ကမ်းခြေစောင့် တပ်ဖွဲ့ လေယာဉ် တစင်းက ဆက်လက်စောင့်ကြည့်ခဲ့ပါတယ်။
လှေရဲ့ အင်ဂျင်တလုံး ပျက်စီးသွားတဲ့အပြင် လှေထဲကိုရေတွေ တဖြည်းဖြည်း ဝင်လာနေလို့ လိုက်ပါ လာသူတွေက ရေတွေကို ခပ်ထုတ်နေရတယ်လို့ သတင်းပို့ခဲ့ပါတယ်။
အာဏာပိုင်တွေက ရေယာဉ် ၄ စင်း စေလွှတ်ခဲ့ပြီး တနင်္လာနေ့ မနက် ၁ နာရီဝန်းကျင်မှာ လှေပေါ် ပါလာသူ ၂၄၀ စလုံးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
လူထိခိုက်ဒဏ်ရာရတဲ့ သတင်းမျိုးတော့ ချက်ချင်းမရရှိသေးဘဲ၊ ဖမ်းဆီးရမိတဲ့ ရွှေ့ပြောင်း အခြေချ သူတွေထဲမှာ အမျိုးသား ၁၉၁ ယောက်၊ အမျိုးသမီး ၄၄ ယောက်နဲ့ အသက်မပြည့်သေးသူ ၅ ယောက်ပါဝင်ပြီး သူတို့ကို တာ့ခ်စန်ကေးကို့စ် ကျွန်းစုအာဏာပိုင်တွေက ထိန်းသိမ်းထားပါတယ်။
Source: Reuters











