အင်အားကြီးမားတဲ့ မက္ခလာ တိုင်ဖွန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အရှေ့ဘက်ရေပြင်မှာ လှည့်ပတ်ကာ အနောက်-အနောက်မြောက်ဘက်ကို ဦးတည်ရွေ့လျားနေတာကို ဇွန် ၂၂ ရက်မှ ၂၃ ရက်အတွင်း ဖမ်းယူရရှိခဲ့တဲ့ ဂြိုဟ်တုဓာတ်ပုံတွေထဲမှာ တွေ့ရှိရပါတယ်။ အဲဒီမြင်ကွင်းတခုထဲမှာပဲ ဒုတိယအပူပိုင်းမုန်တိုင်း အီးဂို့စ်ကိုလည်း အတူတူ တွေ့မြင်နေရပါတယ်။
ဒေသတွင်းမှာ ‘ဖရန်စစ္စကို’ လို့လည်း ခေါ်ကြတဲ့ တိုင်ဖွန်းမုန်တိုင်း ‘မက္ခလာ’ ဟာ တနင်္လာနေ့မှာ ဖိလစ်ပိုင် ပင်လယ်ပြင်ပေါ်မှာတင် အရှိန်အဟုန်နဲ့ ပိုအားကောင်း ပြင်းထန်လာခဲ့ပြီး ညနေပိုင်းမှာတော့ အမြင့်ဆုံး လေတိုက်နှုန်း တနာရီကို ၁၈၅ ကီလိုမီတာနဲ့ လေပြင်းတိုက်ခတ်မှုနှုန်း တနာရီ ၂၃၀ ကီလိုမီတာအထိရှိတဲ့ “စူပါတိုင်ဖွန်းမုန်တိုင်း” အဆင့်ကို ရောက်ရှိသွားခဲ့တယ်လို့ ဖိလစ်ပိုင် မိုးလေဝသဌာနက ပြောပါတယ်။
မိုးလေဝသဗျူရိုကတော့ ဒီမုန်တိုင်း ‘ဖရန်စစ္စကို’ ဟာ အခုထက်မက ပိုပြီး အားကောင်းလာနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။
မိုးလေဝသပညာရှင်တွေရဲ့ အဆိုအရ ‘မက္ခလာ’ ဟာ ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းရဲ့ အရှေ့ဘက်မှာ ရှိနေပြီး မြောက်ဘက်ကို စတင်ဦးတည် ကွေ့ပတ်နေပြီဖြစ်ကာ အိုကီနာဝါနဲ့ ဂျပန်တောင်ပိုင်းဆီ မရွေ့လျားခင် ဖိလစ်ပိုင်အရှေ့ဘက် ရေပြင်အတိုင်း ဆက်သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းက ကမ်းလွန်မှာ တိုက်ခတ်နေတာကြောင့် ဖိလစ်ပိုင် အာဏာပိုင်တွေက နိုင်ငံရဲ့ မြောက်ဘက်အကျဆုံး ပြည်နယ် ၂ ခုမှာ ရေကြီးတာ၊ မြေပြိုတာနဲ့ ပင်လယ်လှိုင်းကြီးတာတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
ဂျပန်မိုးလေဝသအေဂျင်စီရဲ့ အဆိုအရတော့ ဂြိုဟ်တုဓာတ်ပုံထဲမှာ ‘မက္ခလာ’ ရဲ့ အနီးအနားမှာ တွေ့ရတဲ့ အပူပိုင်းမုန်တိုင်း ‘အီးဂို့စ်’ ဟာ သိသိသာသာ ပိုပြီးအားကောင်းလာဖို့ မရှိသလို မုန်တိုင်းအဆင့် လေပြင်းတိုက်ခတ်မဲ့ ဇုန်ထဲမှာလည်း ရှိမနေဘူးလို့ ခန့်မှန်းထားပါတယ်။
Source: Reuters










