DVB Logo
Home
မြန်မာသတင်း
ရခိုင်ပင်လယ်ပြင်တွင် ရေတပ်က လိုက်လံပစ်ခတ်နေသဖြင့် ငါးဖမ်းသမားများ အခက်အခဲဖြစ်နေ
DVB
·
August 31, 2026
Photo : APM
Photo : APM
Donate to DVB

ရခိုင်ပြည်နယ် သံတွဲ၊ ဂွ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း၊ မြေပုံ၊ ပေါက်တော၊ စစ်တွေ စတဲ့  ရေလမ်းကြောင်းတွေမှာ ဩဂုတ် ၂၀ ရက်နောက်ပိုင်းကစပြီး စစ်သင်္ဘောတွေ အုပ်စုလိုက်သွားလာ လှုပ်ရှားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ငါးဖမ်းသမားတွေဟာ ငါးဖမ်းမထွက်ရဲဘဲ အခက်အခဲဖြစ်နေကြရတယ်လို့ ဂွဒေသခံ ရေလုပ်သားအမျိုးသားတယောက်က ပြောပါတယ်။

“နေဗီတွေက ကျိန္တလီမြို့ ကမ်းနဲ့မနီးမဝေးမှာ ကျောက်ချရပ်နားထားတာလည်း ရှိတယ်။ ပြီးတော့ စစ်တွေ၊ ကျောက်ဖြူဘက်ကို သွားလာတာလည်းရှိတယ်။ အင်အားဖြည့်တာလားတော့မသိဘူး။ အဲဒီနေဗီတွေကြောင့် ကမ်းနီးငါးဖမ်းဖို့တောင်မထွက်ရဲဘူး။ မနေ့ကလည်း ကျောက်ချထားတဲ့ နေဗီက လက်နက်ကြီးပစ်တယ်။ ငါးဖမ်းလို့ ရောင်းစားရမှ ထမင်းစားရတဲ့ဘဝမို့ တကယ် အခက်ခဲဖြစ်တယ်။ လေကြောင်းကတမျိုး၊ ရေကြောင်းကတမျိုးနဲ့ စိတ်ပင်ပန်းတယ်။” 

ဂွမြို့နယ်၊ ကျိန္တလီကမ်းရေပြင်မှာ ကျောက်ချထားတဲ့ ရေတပ်က ငါးဖမ်းသမားမီးကို မြင်ရင် သေနတ်နဲ့ လိုက်ပစ်လေ့ရှိပြီး သြဂုတ် ၃၀ ရက်ညနဲ့ ပြီးခဲ့တဲ့ရက်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

စစ်သင်္ဘောတွေဟာ ပင်လယ်ပြင်မှာ သွားလာနေတဲ့အပြင် ကမ်းရိုးတန်းနဲ့နီးတဲ့ကျေးရွာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်နေတာကြောင့် ဒေသခံတွေ နေအိမ်မှာတောင် မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သံတွဲဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။

“တနေရာပြီးတနေရာ ထွက်ပြေးနေရတယ်။ တနေရာမှာ အတည်တကျနေရတယ်ဆိုတာ မရှိပါဘူး။ အခုလည်း လူမှုကူညီရေးအဖွဲ့အစည်းနဲ့ တပ်တော်ဘက်က အစားအသောက်တချို့ ထောက်ပံ့လို့ စားနေရတယ်။ လေပေါ်ကနေလာမလား၊ ရေပေါ်ကနေလာမလားနဲ့ပဲ ကြောက်နေရတယ်။” 

အခုလို စစ်သင်္ဘောတွေ ရခိုင်ရေပြင်မှာ နေ့ရောညပါ စစ်ရေးသွားလာလှုပ်ရှားနေတဲ့အတွက် ကမ်းနီးဒေသခံကျေးရွာတွေ သတိနဲ့နေပြီး ငါးကို ညအချိန်မဖမ်းဖို့နဲ့ တချို့ကျေးရွာတွေက သက်ကြီးပိုင်းနဲ့ မသန်စွမ်းသူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရတယ်လို့ AA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းဒေသခံအမျိုးသားတယောက်က “ဆံတော်ရှင်ကျွန်းအနားမှာဆို အမြဲနေတဲ့ နေဗီ ၂ စီးရှိတယ်။ ငါးရှာလှေမြင်ရင် မီးထိုးလို့ခေါ်တယ်။ ပြန်လှည့်ပြေးရင်သေနတ်နဲ့ လိုက်ပစ်တယ်။ အခုဆို ရွာသားတွေဟာ ပင်လယ်ပြင်ထွက်လို့ ငါးမရှာတော့ဘူးကြောက်လို့” လို့ ​ပြောပါတယ်။

ဂွမြို့ကို ပြန်လည်ထိုးစစ်ဆင်ဖို့ကြိုးစားနေတဲ့ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ဟာ ရခိုင်-ဧရာဝတီအစပ်ဖြစ်တဲ့ သာပေါင်းမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်ဘက်က အထိနာ ကျဆုံးမှုများနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

တဘက်မှာလည်း သံတွဲ၊ ဂွမြို့နယ်ကို ကုန်းလမ်းကနေ ထိုးဖောက်နေတဲ့အပြင် လေကြောင်းကပစ်ပြီး ရေကြောင်းကပါ စစ်သင်္ဘောတွေနဲ့ ကမ်းတက်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013