DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူနှင့် တောင်ကုတ်တွင် မြေမြှုပ်မိုင်းနင်းမိပြီး ဒေသခံ ၂ ဦး ဒဏ်ရာရ
DVB
·
June 27, 2025
ကျောက်ဖြူနှင့် တောင်ကုတ်တွင် မြေမြှုပ်မိုင်းနင်းမိပြီး ဒေသခံ ၂ ဦး ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တို့မှာ မြေမြှုပ်မိုင်း နင်းမိတာကြောင့် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် အပြင်းအထန် ဒဏ်ရာရရှိသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွန်ကျေးရွာက အသက် ၆၁ နှစ်အရွယ် ဒေါ်သိန်းမြကြည်ဟာ ဇွန် ၂၅ ရက်က စစ်ကောင်စီ ခမရ ၅၄၃ တပ်ရင်းအနီးရှိ သီဟိုခြံကို သွားစဉ်မှာ မိုင်းနင်းမိပြီး ဘယ်ဘက်ခြေတဖက် ပြတ်ထွက်သွားတယ်လို့ ကျောက်ဖြူဒေသခံတယောက်က ပြောပါတယ်။

“မိုင်းနင်းမိတဲ့ နေရာက ခမရ ၅၄၃ တပ်ရင်းအနီးမှာရှိတဲ့ သူရဲ့ သီဟိုခြံသွားစဉ်မှာ မိုင်းနင်းမိတာ။ အရင်ကလည်း သွားလာနေကြပဲ။ စစ်ကောင်စီက အခု တိုက်ပွဲဖြစ်လာတော့ လူသွားလမ်းတွေအထိ မိုင်းထောင်လာတာ ဖြစ်တယ်။ မိုင်းနင်းမိတဲ့ အဒေါ်မှာတော့ ဘယ်ဘက်ခြေ ဒူးလောက်ကနေ ဖြတ်လိုက်ရတယ်။ အခုတော့ ဆေးကုသမှု ခံယူနေရဆဲပဲ။”

ဒါ့အပြင် ဇွန် ၂၅ ရက်ကလည်း တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက်က အသက် ၄၅ နှစ်အရွယ် ဦးသိန်းဝင်းဟာ လမ်းလုပ်နေစဉ်မှာ မြေမြှုပ်မိုင်းကို ပေါက်တူးနဲ့တူးမိရာက ပေါက်ကွဲခဲ့တာကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဆေးကုသနေရတယ်လို့ တောင်ကုတ်မြို့ခံ တယောက်က ပြောပါတယ်။

“သိမ်တောင်ဆိုတာက စစ်ကောင်စီရဲ့ စကခ-၅ နဲ့ ကပ်နေတဲ့ ရပ်ကွက်ဖြစ်တယ်။ သူက လမ်းလုပ်နေတာ။ အဲဒီမှာ မြေမြှုပ်မိုင်းကို ပေါက်တူးနဲ့ တူးမိရာက မိုင်းပေါက်ပြီးတော့ ဒဏ်ရာအပြင်းအထန် ရရှိသွားတာ။ အရင်ကလည်း သိမ်တောင်ရပ်ကွက်မှာ မိုင်းပေါက်ကွဲနေတာက မနည်းတော့ဘူး။ AA ဘက်က မိုင်းရှင်းလင်းမှုတွေ ပြုလုပ်ပေးပေမဲ့လည်း မိုင်းကတော့ ရှိနေဆဲပဲ။”

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ တပ်စခန်းအနီးတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတာကြောင့် ဒေသခံတွေ ဆက်တိုက်ဆိုသလို မိုင်းအန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ မိုင်းအလုံးရေ သောင်းနဲ့ချီ ရှာဖွေရရှိထားပြီး မိုင်းအန္တရာယ် အသိပေးမှုနဲ့ ဆိုင်းဘုတ်တွေကိုလည်း ဆက်တိုက် ထူလာနေပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၀ နီးပါးအထိ ရှိလာပြီလို့ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013