
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အိုးဘိုကျေးရွာကို စစ်ကောင်စီတပ်က ဇွန် ၂၆ ရက်၊ ညနေ ၄ နာရီလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ရွှေဘို-မန္တလေးသွားကားလမ်းမအထွက် ရွှေဘိုတောင်ဘက်မုခ် စစ်ကောင်စီအထိုင်ဂိတ်ကနေ ပစ်ခတ်တာလို့ ဆိုပါတယ်။
“ပစ်တာက ၂ ချက်ပစ်တာဗျ။ အဲလိုပစ်ခတ်လို့ လက်နက်ကြီးကျည်က ရွာရဲ့ တောင်ဘက် ကတ္တရာလမ်းမပေါ်ကျကွဲပြီး ကျည်စတွေ ထိမှန်ကြရတာဗျ။ ထိမှန်တာက ကားလမ်းမမြောက်ဘက် ဝါးသစ်သားဆိုင်အတွင်းမှာရှိတဲ့ ကိုကျော်ခိုင် အသက် ၃၅ နှစ်၊ လက်ဖက်ရည်ဆိုင်အတွင်းမှာ လက်ဖက်ရည်သောက်နေတဲ့ အမျိုး သမီးတဦး၊ အမျိုးသားတဦး စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်ဗျ။”
စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ၂ လုံးဟာ ကတ္တရာလမ်းပေါ်ကျကွဲတဲ့ အလုံးက ပေါက်ကွဲခဲ့ပြီး လယ်ကွင်းထဲကျတဲ့ ဗုံးသီးက မပေါက်ကွဲခဲ့ဘူးလို့ သိရပါတယ်။
ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “ရှင်းလင်းရေးတော့ မြို့နယ် ပကဖ ဘက်က ပြုလုပ်ပေးခဲ့ပြီလို့ သိထားရတယ်ဗျ။ အရပ်သား ၃ ဦး ကျည်စထိမှန်တယ်ဆိုတာလည်း ဟုတ်ပါတယ်။ နီးစပ်ရာ ဆေးအဖွဲ့က နာရီပိုင်းအတွင်း ကုသမှုပေးထားပါတယ်။ ကျနော်တို့ အဖွဲ့တွေလည်း အဲရွာကို ဝင်ရောက်လှုပ်ရှားသွားလာတာလည်း မရှိပါဘူး။ သူတို့ပစ်ချင်လို့ကို ပစ်နေကြတာပါ” လို့ DVB ကို ပြောပါတယ်။
ရွှေဘိုမြို့နယ် အိုးဘိုကုန်းကျေးရွာကို ၂၀၂၄ ခုနှစ် ဧပြီ ၅ ရက်၊ မနက် ၈ နာရီလောက်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ပြီး မြေပြင်စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။