
ဒုတိယကမ္ဘာစစ်မှ စတင်ကာ ခေတ်သစ်စစ်ရေးအယူအဆများတွင် လေကြောင်းအရေးသာမှုသည် စစ်ပွဲအောင်မြင်ရန် မရှိမဖြစ် အရေးပါသော လိုအပ်ချက်တရပ်အဖြစ် နိုင်ငံအများက လက်ခံသုံးစွဲကြ၏။ လက်တွေ့ဖြစ်ရပ်များတွင်လည်း လေကြောင်းစွမ်းအားကြောင့် စစ်ပွဲကို ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး အနေအထားဖြင့် အောင်မြင်ခဲ့သောဖြစ်ရပ် များစွာရှိ၏။
အမေရိကန်-အီရတ် စစ်ပွဲများ၊ အာရပ်-အစ္စရေး စစ်ပွဲများသည် လေကြောင်းစွမ်းအားက စစ်ပွဲအောင်မြင်ရေးအပေါ် အဆုံးအဖြတ်ပေးနိုင်ခဲ့သော နမူနာစစ်ပွဲကြီးများ ဖြစ်၏။
ထို့ကြောင့် ယနေ့ခေတ် ကမ္ဘာ့နိုင်ငံအသီးသီးသည် ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများအတွက် လေကြောင်းစွမ်းအားကို သူ့ထက်ငါ အပြိုင်အဆိုင် မြှင့်တင်နေကြခြင်းဖြစ်၏။ တဖက်တွင်လည်း ဆန့်ကျင်ဘက်နိုင်ငံများအချင်းချင်း လေကြောင်းရန်ကာကွယ်ရေးကဏ္ဍများကို အပြိုင်အဆိုင် တိုးမြှင့်နေကြရ၏။ တဖက်ရန်သူ၏ လေကြောင်းအရေးသာမှုကို ဦးနှိမ်နိုင်ရန် ဗျူဟာအမျိုးမျိုး၊ လက်နက်အမျိုးမျိုးကို ကြံစည်ထုတ်လုပ်နေကြ၏။
လေကြောင်းစွမ်းအားအရေးသာမှုသည် စစ်ပွဲအောင်နိုင်ရေးအတွက် အလွန်အရေးကြီးလှသည် မှန်သော်လည်း အဆုံးသတ်အောင်ပွဲ ရယူရန်အတွက် ရာနှုန်းပြည့် စွမ်းဆောင်နိုင်သည်တော့ မဟုတ်ပါချေ။ စစ်ပွဲဖြစ်ပွားရာနယ်မြေရှိ လူများစု၏ ကူညီထောက်ပံ့မှုကို မရရှိသော ဗီယက်နမ်စစ်ပွဲ၊ အာဖဂန်စစ် ကဲ့သို့သော စစ်ပွဲများတွင် ကမ္ဘာ့လေကြောင်းစွမ်းအား အကြီးမားဆုံးဖြစ်သော အမေရိကန်နိုင်ငံသည် စစ်ပွဲကို အနိုင်မယူနိုင်ခဲ့ပေ။ မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေးတွင်လည်း နိုင်ငံအတွင်း လေကြောင်းအရေးသာမှုစွမ်းရည် အမြင့်ဆုံးမှာရှိသော အာဏာလုစစ်အုပ်စုတပ်များသည် မြန်မာပြည်အနှံ့က စစ်မြေပြင်များတွင် စစ်ရေးရှုံးနိမ့်နေသည်ကို တွေ့နိုင်၏။ သို့သော် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်အုပ်စုကို အလဲထိုး ချေမှုန်းနိုင်ရန်အတွက် အထိခိုက် အနည်းဆုံးဖြင့် အောင်မြင်မှုများရရန်အတွက်မူ ရန်သူစစ်အုပ်စု၏ လေကြောင်းစွမ်းအားကို ရသည့်နည်းဖြင့် ဦးနှိမ်နိုင်ရမည် ဖြစ်သည်။
၂၀၂၅ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာ တိုက်ပွဲတွင် တော်လှန်ရေးတပ်များ ပစ်ချနိုင်ခဲ့သော စစ်အုပ်စု၏ F7M အမျိုးအစား ဂျက်တိုက်လေယာဉ်တစီး အပါအ၀င် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အထိ ၅ နှစ်အတွင်း စစ်အုပ်စု၏ စစ်လေယာဉ်ပျက်စီးဆုံးရှုံးမှုမှာ ၁၅ စင်း ခန့်ရှိပြီဖြစ်သည်။ ထိုအရေအတွက်၏ သုံးပုံပုံ တပုံခန့်သည် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ခြင်းဖြစ်သည်။ နွေဦးတော်လှန်ရေးသည် ဗီယက်နမ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲများကဲ့သို့ ပြည်သူလူထု ထောက်ပံ့မှုကို ရယူထားသော ပြောက်ကျား စစ်မဟာဗျူဟာကို အခြေခံသည့် စစ်ပွဲဖြစ်ရာ စစ်အုပ်စုအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များကို လေကြောင်းမှတဆင့် အထိနာအောင် တိုက်ခိုက်ရန် မလွယ်ကူလှပေ။
သို့သော် စစ်အုပ်စုသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အပြစ်မဲ့ အရပ်သားများ၊ ကလေးသူငယ်များကိုပင် မရှောင် ဗုံးကြဲသတ်ဖြတ်နေလေ၏။ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုမှ ပြည်သူလူထုကို ရနိုင်သမျှ တားဆီးကာကွယ်ကြရမည် ဖြစ်သည်။
လေကြောင်းရန်ကာကွယ်ရေးအတွက် နည်းလမ်းများကိုလည်း အလေးအနက်ထား ဖော်ထုတ်လုပ်ကိုင်ကြရန် လိုအပ်လှ၏။ ထို့အတူ စစ်အုပ်စု၏ လေကြောင်းစစ်ဆင်ရေးကို တန်ပြန်တိုက်ခိုက်နိုင်ရန်လည်း မဖြစ်မနေ အားထုတ်ကြရမည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ စစ်အုပ်စု၏ လေကြောင်းစစ်ဆင်ရေးများသည် အဓိကအားဖြင့် အမျိုးအစား သုံးမျိုးရှိသည်။ တိုက်ပွဲအတွင်း အနီးကပ် လေကြောင်းပစ်ကူပေးခြင်း၊ ၎င်းတို့အား လက်မခံလိုသော အရပ်သားများကို ဗုံးကြဲသတ်ဖြတ်ခြင်း၊ နည်းဗျူဟာဆိုင်ရာ တပ်၊ ခဲယမ်း၊ ရိက္ခာများ သယ်ယူရွှေ့ပြောင်းခြင်းတို့ ဖြစ်သည်။
တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုများကို တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် နည်းဗျူဟာမြောက် တုံ့ပြန်ကာကွယ်နိုင်စွမ်း အထိုက်အလျောက် ရှိနေပြီဖြစ်သည်။ ထို့အတူ စက်သေနတ်ကြီးများ အသုံးပြု၍ ရန်သူ၏ လေကြောင်းစွမ်းအားကို ကန့်သတ်ထိန်းချုပ်ခြင်း၊ ရန်သူ့လေယာဉ်များကို ချေမှုန်းခြင်းများလည်း လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။ ရန်သူ့လေယာဉ်များအား လေပေါ်မှာရော မြေပြင်မှာပါ စွမ်းအားပြည့် ဖျက်ဆီးနိုင်ရန်အတွက် လက်နက်များရရှိရန်နှင့် ဗျူဟာများကိုလည်း အချိန်နှင့်အမျှ ကြိုးစားကြံစည်နေကြရမည် ဖြစ်သည်။ သို့မှသာ ရန်သူ၏ အားသာချက်ကို အပြည့်အ၀ ရိုက်ချိုးနိုင်မည်ဖြစ်သည်။
ထို့အတူ ရန်သူစစ်အုပ်စု၏ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လေကြောင်းအသုံးပြု ပို့ဆောင်ရေးများကိုလည်း တိုက်ခိုက်နိုင်ရန် ကြိုးစားအားထုတ်ကြရမည် ဖြစ်၏။
စစ်အုပ်စုလေယာဉ်များ၏ ပျံသန်းမှု အမြင့်ပေအလိုက် လမ်းကြောင်းများတွင် စောင့်ဆိုင်းကာ ခြုံခိုတိုက်ခြင်း၊ လေယာဉ်ကွင်းများအား စီးနင်းဖျက်ဆီးခြင်း လုပ်ငန်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့် အကောင်အထည်ဖော်နိုင်ပါက ရန်သူ၏ လေကြောင်းအရေးသာမှုကို များစွာ ဦးနှိမ်နိုင်မည် ဖြစ်သည်။
ထိုသို့ ရန်သူ၏ အားထားရာ လေကြောင်းစွမ်းအားကို ကန့်သတ်ထိန်းချုပ်နိုင်လျှင် နွေဦးတော်လှန်ရေး ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့၀င်များရော အရပ်သားပြည်သူများပါ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးရမှုကို များစွာ လျှော့ချနိုင်မည် ဖြစ်သည်။
အာဏာလုစစ်အုပ်စု၏ လေကြောင်းအရေးသာမှုကို လေကြောင်းရန်ကာကွယ်ရေး နည်းလမ်းများဖြင့် စနစ်တကျ အကာအကွယ်ယူခြင်း၊ ရနိုင်သမျှ နည်းလမ်းမျိုးစုံဖြင့် တန်ပြန်တိုက်ခိုက်ခြင်း စသော နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ်ထိန်းချုပ်ပြီး ဦးနှိမ်နိုင်လျှင် နွေဦးတော်လှန်ရေး၏ အောင်မြင်မှုမှာ ပိုမိုမြန်ဆန်လာမည် ဖြစ်၏။ ထိခိုက်ဆုံးရှုံးမှုလည်း များစွာ လျှော့ချနိုင်မည် ဖြစ်သည်။ ထို့ကြောင့် အာဏာလုစစ်အုပ်စု၏ လေကြောင်းအရေးသာမှုကို ဗျူဟာမျိုးစုံဖြင့် ဦးနှိမ်ရမည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း အလေးအနက်ထား တင်ပြလိုက်ရပါသည်။ မြန်မာပြည်သူအားလုံး၏ မျှော်လင့်ရည်မှန်းချက်ကြီးဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်သစ် တည်ထောင်ရေးခရီးတွင် တန်ဖိုးရှိလှသော လူ့အသက်များစွာ ဆုံးရှုံးခြင်းဘေးမှ ကင်းဝေးနိုင်ကြပါစေကြောင်း ဆန္ဒမွန်ဖြင့်...။
ညိုသူ