စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း ဇွန် ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ကစတင်ကာ နောက် ၂၄ နာရီအတွင်း နေရာအနှံ့မိုးထစ်ချုန်းရွာနိုင်ပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇွန် ၂၇ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ အိန္ဒိယနိုင်ငံ(ဩရိဿပြည်နယ်နှင့် အနောက်ဘင်္ဂလားပြည်နယ်) ကမ်းရိုးတန်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီလေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး၊ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါတယ်။
လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက် မိုးကြီးနိုင်ပါတယ်။ ရေပြင်လေဟာလည်း အနောက် (သို့) အနောက်တောင်၊ တနာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တခါတရံ ၃၅ မိုင် အထိတိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာလည်း မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် အရှေ့ပိုင်း မင်းတံတား၊ စည်ပင်သာယာ၊ ထင်းရှူးခြံ၊ စျေးသစ်နဲ့ ရေပူရပ်ကွက်တွေမှာ ဇွန် ၂၇ ရက် မနက်က ရေကြီးရေလျှံမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စည်ပင်သာယာရပ်ကွက်နေထိုင်သူတယောက်က “မနေ့ညက မိုးကြီးရွာပြီး ချောင်းရေ အရင်တက်လာတာ၊ ချောင်းရေတက်လာပြီးမှ ရပ်ကွက်တွေထဲ ရေဝင်လာတယ်။ မိုးဆက်ရွာရင်တော့ ရေတက်အုံးမှ” လို့ ပြောပါတယ်။
မိုးကုတ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရပ်ကွက်တွင်းနေအိမ်တွေမှာ လူတယောက်ရဲ့ ဒူးလောက်ထိ ရေတက်ခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့ရပ်ကွက်တွေမှာ ရေနီချောင်းတွေရှိပြီး ချောင်းရေတက်လာရင် ရပ်ကွက်အတွင်း ရေဝင်လေ့ရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်နေရာ ၅ ခုမှာ လမ်းမကြီးတွေနဲ့ ရေနီချောင်းတွေမှာ ရေကြီးရေလျှံခဲ့ပြီး ကမ်းပါးပြိုတာ၊ နေအိမ်အချို့ ပျက်စီးပြီး လမ်းအက်ကွဲခြင်းများ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။